မန်စီးတီးတိုက်စစ်မှူး ဟာလန်းသာ ပရီးမီးယားလိဂ်ကို မရောက်လာခဲ့ဘူးဆိုရင် ဒီရာသီမှာ ပရီးမီးယားလိဂ်ချန်ပီယံဆုကို ဆွတ်ခူးနိုင်မှာ အာဆင်နယ်ဖြစ်ကြောင်း အချက်အလက်တွေက ဖော်ပြနေပါတယ်။ လက်ရှိအချိန်မှာတော့ မန်စီးတီးက ပရီးမီးယားလိဂ်ချန်ပီယံဆုကို (၃) နှစ်ဆက် ဆွတ်ခူးဖို့ သေချာနေပါပြီ။
ဟာလန်းဟာ ပြီးခဲ့တဲ့နွေရာသီ အပြောင်းအရွှေ့ကမှ ဒေါ့မွန်ကနေ မန်စီးတီးကို ပြောင်းရွှေ့ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။ သူ ပရီးမီးယားလိဂ်ကို ရောက်လာချိန်မှာ ကစားပုံနဲ့ မကိုက်ညီတာကြောင့် ရုန်းကန်ရလိမ့်မယ်လို့ အချို့တွေက မေးခွန်းထုတ် ဝေဖန်ပြီး စောင့်ကြည့်ခဲ့ကြပါတယ်။
ဒါပေမယ့် ဟာလန်းက လက်ရှိအချိန်မှာ ပရီးမီးယားလိဂ်သွင်းဂိုး (၃၆) ဂိုးအထိ သွင်းယူပေးထားပြီး ဒီရာသီ မန်စီးတီးရဲ့ ပရီးမီးယားလိဂ်ချန်ပီယံဆု ခရီးလမ်းအတွက် အဓိကနေရာက ပါဝင်ခဲ့ပါတယ်။ ဒါ့အပြင် ဟာလန်းဟာ ပြိုင်ပွဲစုံသွင်းဂိုးမှာလည်း (၅၂) ဂိုးအထိ ရရှိထားပြီး ချန်ပီယံလိဂ်ဖလား၊ အက်ဖ်အေဖလားတို့ကိုလည်း မန်စီးတီးနဲ့အတူ ဆွတ်ခူးနိုင်ဖို့ ပစ်မှတ်ထားနေပါတယ်။
အခု နောက်ဆုံးထွက်ပေါ်လာတဲ့အချက်အလက်တွေအရ မန်စီးတီးအနေနဲ့ ဒီရာသီမှာ ဟာလန်းကို မခေါ်ယူနိုင်ခဲ့ရင် သူတို့ရဲ့ အမှတ်ပေးဇယားရပ်တည်မှုက အဆင့် (၅) နေရာမှာသာရှိနေပြီး ချန်ပီယံလိဂ်ဝင်ခွင့်တောင် ရရှိမှာ မဟုတ်ဘူးလို့ ပရိသတ်တွေက ရှာရှာကြံကြံ ထောက်ပြနေကြပါတယ်။ ဒါ့အပြင် မန်စီးတီးရဲ့ ပရီးမီးယားလိဂ်သွင်းဂိုးအရေအတွက်ကလည်း (၅၄) ဂိုးသာ ရှိမှာဖြစ်ပြီး အာဆင်နယ်ရရှိထားတဲ့ (၈၃) ဂိုးထက် အများကြီး လျော့နည်းနေမှာဖြစ်ပါတယ်။
ဒါ့အပြင် အာဆင်နယ်အနေနဲ့လည်း မန်စီးတီးနဲ့ ဟာလန်းသာမရှိခဲ့ရင် အခုချိန်မှာ ပရီးမီးယားလိဂ်ချန်ပီယံဆုကို ဆွတ်ခူးဖို့ သေချာပြီးဖြစ်နေမှာပါ။ ဒါပေမယ့် ဒါတွေက လက်တွေ့မကျတဲ့ တွက်ချက်မှု၊ ဖော်ပြမှုတွေသာဖြစ်ခဲ့ပါတယ်။ လက်တွေ့မှာတော့ အာဆင်နယ်တို့ တစ်ရာသီလုံးနီးပါး အမှတ်ပေးဇယားကို ဦးဆောင်ထားခဲ့ပြီး ရာသီကုန်ချိန်မှာတော့ ဖလားလက်မဲ့နဲ့ အဆုံးသတ်ရတော့မှာလည်း ဖြစ်ပါတယ်။