မန်စီးတီးတို့ အဖွင့်ပွဲငါးပွဲဆက်တိုက် ပွဲချောင်နေတာပါ။

လာမယ့် (၂၀၂၂-၂၃) ဘောလုံးရာသီအတွက် ပရီးမီးယားလိဂ်ပွဲစဥ်ဇယားတွေ ထွက်ပေါ်လာခဲ့ပြီဖြစ်ပါတယ်။ ရာသီသစ်ရဲ့ ပရီးမီးယားလိဂ်ပွဲစဥ်တွေကို သောကြာည၊ သြဂုတ် (၅) မှာ စတင်ကျင်းပမှာဖြစ်ပြီး ဒီမတိုင်ခင် ဇူလိုင် (၃၁) မှာ ရာသီကြိုအဖြစ် ကွန်မြူနတီဒိုင်းဗိုလ်လုပွဲကို မန်စီးတီးနဲ့လီဗာပူးတို့ ကစားကြမှာပါ။



ပရီးမီးယားလိဂ်ရာသီသစ်ရဲ့ ပထမဆုံးအဖွင့်ပွဲအဖြစ် ခရစ္စတယ်ပဲလေ့စ်နဲ့ အာဆင်နယ်တို့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။ လက်ရှိချန်ပီယံမန်စီးတီးကတော့ ပြီးခဲ့တဲ့ရာသီမှာ ခြေစွာခဲ့တဲ့ ဒေးဗစ်မိုယက်စ်ရဲ့ ဝက်စ်ဟမ်းနဲ့ အဝေးကွင်းမှာ သွားရောက်ရင်ဆိုင်ရမှာပါ။ ဒါ့အပြင် မန်စီးတီးအတွက် ဝက်စ်ဟမ်းနဲ့ပွဲနောက်ပိုင်း ရင်ဆိုင်ရမယ့်ပွဲတွေကလည်း လွယ်ကူနေတယ်လို့ ပြောနိုင်ပါတယ်။

မန်စီးတီးဟာ ဝက်စ်ဟမ်းနဲ့အဝေးကွင်းအဖွင့်ပွဲအပြီးမှာ ဘုန်းမောက်ကို အိမ်ကွင်း၊ နယူးကာဆယ်ကို အဝေးကွင်း၊ ခရစ္စတယ်ပဲလေ့စ်ကို အိမ်ကွင်းနဲ့ နော်တင်ဟမ်ဖောရက်စ်ကို အိမ်ကွင်းအဖြစ် ရင်ဆိုင်ရမှာပါ။ ဝက်စ်ဟမ်းအပါအဝင် ဒီအသင်းတွေအားလုံးက မန်စီးတီးထက် သိသိသာသာ အင်အားနည်းတဲ့ပြိုင်ဘက်တွေဖြစ်ပါတယ်။ အထူးသဖြင့် မန်စီးတီးဟာ တန်းတက် ဘုန်းမောက်နဲ့နော်တင်ဟမ်ဖောရက်စ်တို့ကို အိမ်ကွင်းမှာ ရင်ဆိုင်ရမှာပါ။

အဲ့ဒါကြောင့်လည်း ဒီပွဲစဥ်တွေက မန်စီးတီးတိုက်စစ်မှူး ဟာလန်းရဲ့ ဂိုးသွင်းစွမ်းရည်ကို မြင်တွေ့ရမယ့်ပွဲတပွဲအဖြစ် ပရိသတ်တွေက အခုတည်းက မှတ်ချက်ပေးနေကြပါတယ်။ ဟာလန်းဟာ ပြီးခဲ့တဲ့ တနင်္လာက မန်စီးတီးကစားသမားအဖြစ် တရားဝင်စာချုပ်ချုပ်ဆိုခဲ့ပြီးပါပြီ။ ဟာလန်းဟာ ဒေါ့မွန်မှာရော၊ ဆဲလ်ဘာ့ဂ်မှာပါ လေးစားလောက်စရာ ဂိုးသွင်းစွမ်းရည်ကို ပြသခဲ့တဲ့ ကစားသမားပါ။

ဒီကစားသမားရဲ့ ဂိုးသွင်းစွမ်းရည်နဲ့ ဖန်တီးနိုင်စွမ်းကောင်းတဲ့ ဒီဘရိုင်း၊ ဘာနာဒိုဆေးလ်ဗား၊ မာရက်ဇ်၊ ဂွန်ဒိုဂန်၊ ဖိုဒန်တို့ရဲ့ ကွင်းလယ်သာ ပေါင်းစပ်လိုက်ရင် မန်စီးတီးတိုက်စစ်က ပြိုင်ဘက်တွေအတွက် လုံးဝတားဆီးမရဖြစ်သွားနိုင်ပါတယ်။ ဒါ့အပြင် အခုလိုမျိုး အဖွင့်ပွဲ (၅) ပွဲဆက်တိုက်က ပွဲချောင်လွန်းနေတာကြောင့်လည်း ဟာလန်းရဲ့ ဂိုးသွင်းစွမ်းရည်ကို မြင်တွေ့ခွင့်ရဖို့ ပရိသတ်တွေက မျှော်လင့်နေကြပါပြီ။ 

Share

က္က