လီဗာပူးဂန္တဝင်ကစားသမားဟောင်း ကာရေဂါက ဟာလန်းကို မန်စီးတီးတို့ခေါ်လိုက်သည့်တိုင် ဒီကစားသမားက အသင်းကို နောက်တဆင့် မြင့်စေမှာ မဟုတ်ဘူးလို့ သုံးသပ်ပြောကြားလိုက်ပါတယ်။ အသက် (၂၁) နှစ်အရွယ် ဟာလန်းဟာ လာမယ့်နွေရာသီမှာ မန်စီးတီးကို သေချာပေါက် ရောက်ရှိလာတော့မှာပါ။
ဒီအကြောင်းကိုလည်း မန်စီးတီးက မနေ့ညကပဲ တရားဝင်အတည်ပြုခဲ့ပြီး ကစားသမားနဲ့ စာချုပ်ပါ အသေးစိတ် အချက်အလက်တွေ ဆွေးနွေးပြီးတာနဲ့ အပြောင်းအရွှေ့ကို ကြေညာတော့မှာဖြစ်ပါတယ်။ ဒါဟာ လာမယ့်နွေရာသီအပြောင်းအရွှေ့ကို ပထမဆုံး လှုပ်ခတ်စေခဲ့တဲ့ အပြောင်းအရွှေ့တခုဖြစ်ခဲ့ပါတယ်။
ဒါ့အပြင် ဗဟိုတိုက်စစ်မှူး လိုအပ်နေတဲ့ ဂွါဒီယိုလာအတွက်လည်း ဟာလန်းက အပြီးပြည့်စုံဆုံး ပြင်ဆင်အားဖြည့်မှုအဖြစ် အားလုံးက သဘောတူသတ်မှတ်ထားပါတယ်။ ဒါပေမယ့် မန်စီးတီးရဲ့ အဓိကပြိုင်ဘက်ဖြစ်နေတဲ့ လီဗာပူးရဲ့ မဟာပြိုင်ဘက် ကာရေဂါကတော့ ဒီလိုမျိုး မသတ်မှတ်ထားပါဘူး။
ဟာလန်းကို မန်စီးတီးက ခေါ်ယူခဲ့တဲ့အပေါ် ကာရေဂါက အခုလိုမျိုး သုံးသပ်လာခဲ့ပါတယ်။ ကာရေဂါက “ဒါက မန်စီးတီးကို ပိုမိုသန်မာစေတာ ဟုတ်တာပေါ့။ ဒါပေမယ့် ကျနော်ကတော့ မတူညီတဲ့အမြင်နဲ့ပဲ မြင်ပါတယ်။ ရာသီတခုမှာ ချန်ပီယံဖြစ်ဖို့အတွက် အမှတ်တွေ အများကြီး လိုအပ်ပါတယ်။ ဟာလန်းက မန်စီးတီးကို နောက်တဆင့် မြင့်အောင် လုပ်ပေးနိုင်မှာ မဟုတ်ပါဘူး”
“မန်စီးတီးက တရာသီမှာရနိုင်တဲ့ ရမှတ် (၁၀၀) ကနေ (၉၆) မှတ်လောက် ရနေပြီးသားပါ။ အချို့ပွဲတွေမှာပဲ နည်းနည်းလေး ကွာခြားချက်ရှိနေတော့မှာပါ။ ခင်ဗျားတို့ ရီးရဲလ်မက်ဒရစ်ကို ရှုံးနိမ့်ခဲ့တဲ့ မန်စီးတီးရဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ပွဲကို ပြန်စဥ်းစားကြည့်ပေါ့။ တကယ်လို့ ဟာလန်းသာ အဲ့ဒီပွဲမှာပါခဲ့ရင် မန်စီးတီးက ရီးရဲလ်မက်ဒရစ်ကို ကျော်ဖြတ်ဖို့ မျှော်လင့်နိုင်ပါတယ်” လို့ ပြောကြားသွားခဲ့တာပဲဖြစ်ပါတယ်။