မန်စီးတီးတိုက်စစ်မှူးဟာလန်းရဲ့ အေးဂျင့်ဖြစ်သူ Rafaela Pimenta က သူမရဲ့ ကစားသမားဟာ စျေးကွက်ပေါက်စျေး ယူရို ၁ ဘီလျံအထိ တန်ကြေးရှိတယ်လို့ ပြောဆိုလိုက်ပါတယ်။ မီနိုရွိုင်အိုလာ ကွယ်လွန်သွားပြီးတဲ့နောက်မှာ ဟာလန်းရဲ့ အေးဂျင့်အဖြစ်တာဝန်ယူခဲ့တဲ့ သူမက TF1 ပြင်သစ်သတင်းဌာနနဲ့ အင်တာဗျူးမှာ ပြောဆိုခဲ့တာပါ။
"ဟာလန်းရဲ့ တန်ကြေးက ယူရို ၁ ဘီလျံ ရှိပါတယ်၊ ဒါက မှန်းဆစရာတောင်မဟုတ်ပါဘူး၊ အသေအချာပါပဲ၊ ဟာသတွေလို လူတွေက ပြောချင်ပြောနိုင်ပါတယ်၊ ဘယ်အသင်းကမှလည်း ဒီလောက်ငွေကြေးကို မပေးချေနိုင်ပါဘူး၊ ဒါပေမယ့် သူ့ရဲ့ အသက်အရွယ်၊ အရည်အသွေး၊ တိုးတက်မှုနဲ့ အပြုတွေက ယူရို ၁ ဘီလျံတန်နေတယ်ဆိုတာကို ပြောဆိုနေပါတယ်၊ အနာဂတ်ကိုမသိရသေးပေမယ့် ဒါက ဖြစ်လာတော့မှာပါ" လို့ သူမက ဆိုပါတယ်။
သူမဟာ ပီအက်စ်ဂျီကွင်းလယ်လူမာကိုဗာရက်တီကိုလည်း တာဝန်ယူပေးထားသူဖြစ်ပါတယ်။ ဟာလန်းကတော့ မန်စီးတီးကို ပြောင်းရွှေ့လာခဲ့ပြီးနောက်မှာ ခြေစွမ်းပြနေပြီး ပရီးမီးယားလိဂ်မှာ ၂၆ ဂိုးအထိ သွင်းယူထားပြီးဖြစ်ပါတယ်။ ပြိုင်ပွဲစုံသွင်းဂိုး ဂိုးပေါင်း ၃၀ ကျော်ရရှိထားပြီး မန်စီးတီးရဲ့ ဂိုးသွင်းစက်ကြီး ဖြစ်နေတာပါ။
နာမည်ကျော်ဝက်ဘ်ဆိုက်တခုဖြစ်တဲ့ Transfermarkt မှာတော့ ဟာလန်းရဲ့ စျေးကွက်တန်ဖိုးကို ယူရိုသန်း ၁၇၀ လို့ ဖော်ပြထားပါတယ်။ ဒါဟာ လက်ရှိ ကမ္ဘာ့စျေးအကြီးဆုံးထိပ်ဆုံးကစားသမား ၃ ဦးထဲမှာ ပါဝင်နေတာဖြစ်ပြီး လက်ရှိခြေစွမ်းကိုသာ ထိန်းသိမ်းထားနိုင်မယ်ဆိုရင် သူ့ရဲ့ တန်ဖိုးက ဒီထက်မက မြင့်တက်လာမှာ သေချာပါတယ်။
ဟာလန်းကတော့ ပြီးခဲ့တဲ့ နော်တင်ဟမ်ဖောရက်စ်နဲ့ပွဲမှာ ဂိုးပေါက်ပျောက်ခဲ့ပြီး အပိုင်အခွင့်အရေးတွေကို လက်လွှတ်ခဲ့ရပါတယ်။ မန်စိးတီးတို့ နိုင်ပွဲရဖို့ သေချာစေမယ့် သွင်းဂိုးကို ရရှိခဲ့ရမှာ ဖြစ်ပေမယ့် အသံးမချနိုင်ခဲ့တာလည်းဖြစ်ပါတယ်။