အာဆင်နယ်ပရိသတ်တွေဟာ မန်စီးတီးနဲ့ဖူလ်ဟမ်တို့ရဲ့ မနေ့ညကပွဲမှာ အသင်းရဲ့ဂိုးသမားဟောင်း လေနိုတယောက် ဟာလန်းရဲ့ နောက်ဆုံးမိနစ်ပင်နယ်တီဂိုးကို မကာကွယ်နိုင်ခဲ့တဲ့အပေါ် ကြိတ်မနိုင်ခဲမရဖြစ်နေကြပါတယ်။ ဒီပွဲမှာ မန်စီးတီးက ပထမပိုင်းတည်းက တယောက်လျော့ခဲ့ပြီး ဖူလ်ဟမ်ကို ၂-၁ ဂိုးနဲ့ အနိုင်ရရှိဖို့ နောက်ဆုံးမိနစ်အထိ ကြိုးစားခဲ့ရပါတယ်။
နောက်ဆုံးမိနစ်ရဲ့ နာကျင်အချိန်ပိုမှာ ဒီဘရိုင်းကြောင့် ရရှိလာတဲ့ ပင်နယ်တီကိုတော့ ဟာလန်းက ဂိုးဝင်အောင် ကန်သွင်းနိုင်ခဲ့ပြီး ဟာလန်းရဲ့ ပင်နယ်တီကန်ချက်ကလည်း ကံကောင်းထောက်မလို့ ဂိုးဝင်သွားခဲ့တာပါ။ လေနိုဟာ ဟာလန်း ကန်တဲ့ဘက်ကို မှန်ကန်အောင် ဒိုက်ပစ်နိုင်ခဲ့ပေမယ့် ဘောလုံးက သူ့လက်ရဲ့အောက်ကနေ ထွက်သွားပြီး ဂိုးဝင်သွားခဲ့တာဖြစ်ပါတယ်။
လေနိုကိုယ်တိုင်လည်း ဒီပင်နယ်တီကို မကာကွယ်နိုင်ခဲ့တဲ့အတွက် တော်တော်လေး စိတ်ပျက်ခဲ့ရပြီး အာဆင်နယ်ပရိသတ်တွေကလည်း လေနိုကို စိတ်ပျက်နေကြပါတယ်။ အဆိုပါပွဲအပြီး တွစ်တာပေါ်မှာ အာဆင်နယ်ပရိသတ်တွေက “လေနိုကို ငါ တော်တော်လေး ဒေါသထွက်နေတုန်းပဲ” “ငါကျိန်ပြောရဲပါတယ်။ လေနိုက ငါတို့ကို ဒုက္ခပေးဖို့ ရည်ရွယ်ချက်ရှိရှိ လုပ်ခဲ့တာ”
“ငါတို့ သူ့ကို ရောင်းလိုက်တဲ့အပေါ် လေနို အခုချိန်ထိ အချဥ်ပေါက်နေဆဲပါ” “လေနိုက ဒီပင်နယ်တီကို လွယ်လွယ်လေး ဖမ်းလိုက်လို့ရပေမယ့် လွှတ်ပေးလိုက်တာပဲ” လို့ ဝေဖန်ရေးသားခဲ့ကြပါတယ်။ ဒီသွင်းဂိုးကြောင့် မန်စီးတီးက အာဆင်နယ်ထက် တပွဲပိုကစားပြီး ရမှတ် (၁) မှတ်အသာနဲ့ အမှတ်ပေးဇယားထိပ်ဆုံးမှာ ရပ်တည်နေခဲ့ပါတယ်။
အာဆင်နယ်ဟာ ဒီကနေ့ညမှာ လန်ဒန်ဒါဘီပွဲကျပ်အဖြစ် ချဲလ်ဆီးကွင်းမှာ သွားရောက်ရင်ဆိုင်ရမှာဖြစ်ပါတယ်။ ဒီပွဲမှာသာ အာဆင်နယ်တို့ရှုံးနိမ့်သွားခဲ့ရင် အမှတ်ပေးဇယားဦးဆောင်ခွင့်ကို လွှဲပေးရတော့မှာဖြစ်ပြီး ဒီအချက်ကြောင့်လည်း အာဆင်နယ်ပရိသတ်တွေက လေနို ပင်နယ်တီမကာကွယ်နိုင်ခဲ့တဲ့အပေါ် မချင့်မရဲဖြစ်နေကြတာပါ။