မန်စီးတီးအတွက် အကောင်းဆုံးခြေစွမ်းတွေပြသနေတဲ့ တိုက်စစ်မှူးဟာလန်းရဲ့ စာချုပ်လျော်ကြေးပမာဏက ပေါင် (၁၇၅) သန်းဖြစ်တယ်လို့ သိရှိရပြီး ဒီကစားသမားကိုခေါ်ယူနိုင်ဖို့အတွက်လည်း ပရီးမီးယားလိဂ်ပြင်ပက အသင်းတွေသာ အခွင့်အရေးရှိကြောင်း သိရှိရပါတယ်။ ဒီစာချုပ်လျော်ကြေးက လာမယ့် (၂၀၂၄) က စလို့ အသက်ဝင်လာမှာပါ။
ဟာလန်းဟာ ပြီးခဲ့တဲ့နွေရာသီမှာ မန်စီးတီးကို ပြောင်းရွှေ့ကြေး ပေါင် (၅၁) သန်းနဲ့ ရောက်ရှိလာပြီးနောက် အသင်းနဲ့ (၅) နှစ် သက်တမ်းရှိ စာချုပ်တရပ်ကို ချုပ်ဆိုထားပါတယ်။ ဒါပေမယ့် (၂၀၂၄) မှာတော့ သူ့ရဲ့ စာချုပ်လျော်ကြေးက စတင် အသက်ဝင်လာမယ်လို့ သိရှိရပြီး ဒီပမာဏက စံချိန်တင်ပမာဏတွေထဲကတခုဖြစ်တဲ့ ပေါင် (၁၇၅) သန်း ဖြစ်တယ်လို့ ဒေးလီးမေးလ်သတင်းဌာနက ဖော်ပြခဲ့ပါတယ်။
ဒါ့အပြင် ဟာလန်းရဲ့ ဒီစာချုပ်လျော်ကြေးကို အသက်သွင်းနိုင်တဲ့အသင်းတွေက ပရီးမီးယားလိဂ်ကလပ်မဟုတ်တဲ့အသင်းတွေသာဖြစ်တယ်လို့လည်း သိရှိရပါတယ်။ အဲ့ဒါကြောင့်လည်း ဘာစီလိုနာ၊ ရီးရဲလ်မက်ဒရစ်တို့အတွက် ဟာလန်းကိုခေါ်ယူနိုင်ဖို့ မျှော်လင့်ချက်တွေက ပိုမိုရှင်သန်လာခဲ့ပါတယ်။ မန်စီးတီးဟာ ဟာလန်းကို ပြိုင်ဘက်အသင်းတွေထံ လက်မလွှတ်လိုတာကြောင့် ကြိုတင်ပြင်ဆင်ခဲ့ဟန်ရှိပါတယ်။
ဟာလန်းအနေနဲ့ မန်စီးတီးနဲ့ (၂၀၂၇) အထိ စာချုပ်သက်တမ်းရှိနေမှာဖြစ်ပြီး စာချုပ်သက်တမ်းကုန်ဆုံးဖို့ နီးစပ်လာတာနဲ့အမျှ အဆိုပါ စာချုပ်လျော်ကြေးပမာဏကလည်း တဖြည်းဖြည်း ကျဆင်းသွားမယ်လို့ The Athletic က ဖော်ပြခဲ့ပါတယ်။ ဟာလန်းဟာ လက်ရှိဘောလုံးရာသီမှာ မန်စီးတီးအတွက် ပြိုင်ပွဲစုံသွင်းဂိုး (၂၀) အထိ သွင်းယူပေးထားပြီး ဘယ်ခံစစ်မှူးမှ ထိန်းချုပ်မရတဲ့ ခြေစွမ်းမျိုးကို ပြသလျက်ရှိပါတယ်။
ပြီးခဲ့တဲ့ရက်သတ္တပတ်အတွင်းမှာလည်း ဟာလန်းတယောက် မန်စီးတီးမှာ တပတ်လုပ်ခ ပေါင် (၈၆၅,၀၀၀) အထိ ရရှိနေတယ်လို့ သတင်းတွေက ဖော်ပြခဲ့ပြီး အခုချိန်မှာတော့ ကစားသမားရဲ့ စာချုပ်လျော်ကြေး အချက်အလက်တွေပါ ပေါက်ကြားလာခဲ့တာဖြစ်ပါတယ်။ ဟာလန်းကိုခေါ်ယူဖို့အတွက်တော့ ရီးရဲလ်မက်ဒရစ်က စိတ်အဝင်စားဆုံးအသင်းအဖြစ် သတ်မှတ်ခံထားရပါတယ်။