စာရင်းများ တိုက်ဆိုင်စစ်ဆေးပြီးနောက် ပျောက်ဆုံးသူအရေအတွက် လျော့နည်းသွားခဲ့တာ ဖြစ်ပါတယ်။

ဟာရီကိန်းမုန်တိုင်း ဒိုရီယန် ဝင်ရောက်တိုက်ခတ်ခဲ့တဲ့ ဘဟားမားစ်နိုင်ငံမှာ လူဦးရေ ၁,၃၀၀ ပျောက်ဆုံးနေဆဲဖြစ်ကြောင်း အရေးပေါ်ဌာနက စာရင်းထုတ်ပြန်ခဲ့တယ်လို့ သိရပါတယ်။

(Photo: Reuters)

ဟာရီကိန်းဒိုရီယန် တိုက်ခတ်အပြီး တစ်ပတ်ကျော်အကြာမှာ ဘဟားမားစ်နိုင်ငံ National Emergency Management Agency (NEMA) ပြောခွင့်ရအမျိုးသားက ပျောက်ဆုံးနေသူစာရင်းကို ထုတ်ပြန်ကြေညာခဲ့ပါတယ်။ အစောပိုင်းမှာ ပျောက်ဆုံးစာရင်းသွင်းထားသူ ၂,၅၀၀ ရှိကြောင်း ထုတ်ပြန်ထားခဲ့ပေမဲ့ စာရင်းများ တိုက်ဆိုင်စစ်ဆေးခဲ့ပြီးနောက် ပျောက်ဆုံးသူအရေအတွက်ကို လျှော့ချခဲ့တာလည်း ဖြစ်ပါတယ်။



"လက်ရှိမှာတော့ ခန့်မှန်းခြေ လူ ၂,၅၀၀ လောက် ပျောက်ဆုံးစာရင်းသွင်းထားပါတယ်၊ ဒါပေမဲ့ ဒီစာရင်းက ယာယီခိုလှုံရေးစခန်းတွေမှာ ရောက်နေသူတွေ ဒါမှမဟုတ် ရွှေ့ပြောင်းသွားသူတွေ စာရင်းနဲ့ တိုက်ဆိုင်စစ်ဆေးမှု မလုပ်ရသေးပါဘူး" လို့ NEMA ပြောခွင့်ရအမျိုးသား ကားလ်စမစ်က (စက်တင်ဘာ ၁၁ ရက်) မှာ ပြောထားခဲ့ပါတယ်။

(Photo: Weather.com)

ယခုအခါ စာရင်းများ တိုက်ဆိုင်စစ်ဆေးပြီးနောက် ပျောက်ဆုံးသူအရေအတွက်ဟာ မူလထုတ်ပြန်ထားမှုထက် လျော့နည်းသွားခဲ့ကြောင်း သိရပါတယ်။ မည်သို့ဆိုစေ ဟာရီကိန်းဒိုရီယန်ကြောင့် သေဆုံးသူအရေအတွက်ဟာ နောက်ဆုံးအတည်ပြုထားမှုထက် ပိုမိုမြင့်တက်လာနိုင်ကြောင်း အာဏာပိုင်တွေက ပြောထားပါတယ်။

ဟာရီကိန်းဒိုရီယန်ဟာ ဘဟားမားစ်နိုင်ငံ ကုန်းတွင်းပိုင်းကို ပြင်းအားအဆင့် ၅ (Category 5) မုန်တိုင်းအဖြစ် လေတိုက်နှုန်း တစ်နာရီလျှင် ၁၈၅ မိုင်ဖြင့် စက်တင်ဘာ ၁ ရက်နေ့မှာ စတင်ဝင်ရောက်တိုက်ခတ်ခဲ့ပါတယ်။ ဟာရီကိန်းဒိုရီယန် (Hurricane Dorian) တိုက်ခတ်မှုကြောင့် လက်ရှိအချိန်အထိ လူ ၅၀ ကျော် သေဆုံးကြောင်း အာဏာပိုင်တွေက အတည်ပြုထားပြီး သေဆုံးသူအရေအတွက်ဟာ ထိုပမာဏထက် အလွန်ပိုများလာနိုင်ကြောင်းလည်း ပြောထားပါတယ်။

(Photo: LA Times)

မုန်တိုင်းတိုက်ခတ်ပြီးနောက် ဘဟားမားစ်မှာ လူဦးရေ ထောင်ပေါင်းများစွာဟာ အရေးပေါ် အကူအညီများ လိုအပ်နေဆဲဖြစ်ပါတယ်။ ဟာရီကိန်းဒိုရီယန်က ဘဟားမားစ်နိုင်ငံ အဘာကိုကျွန်းစုကို ဝင်ရောက်တိုက်ခတ်စဉ် ဟာရီကိန်းမုန်တိုင်းတစ်ခု ကုန်းတွင်းပိုင်းဝင်ရောက်စဉ် အမြင့်ဆုံးလေတိုက်နှုန်းအဖြစ် စံချိန်တင်ခဲ့ကြောင်း သိရပါတယ်။ မုန်တိုင်းကြောင့် အဘာကိုကျွန်းစုနဲ့ ဂရင်းဘဟားမားကျွန်းတို့မှာ နေရာအများအပြား ကြီးမားစွာ ထိခိုက်ပျက်စီးခဲ့ပါတယ်။

(Photo: NBC News)

ဟာရီကိန်းမုန်တိုင်း ပြင်းထန်စွာ ဖြတ်သန်းတိုက်ခတ်ခဲ့တဲ့ ဘဟားမားစ်ရဲ့ ကျွန်းနေရာနှစ်ခုမှ လူဦးရေ ၅,၀၀၀ ခန့်ကို မြို့တော်နဲ့အခြားနေရာများသို့ ရွှေ့ပြောင်းပေးထားကြောင်း အကူအညီပေးရေးအဖွဲ့တွေနဲ့ အစိုးရတာဝန်ရှိသူတွေက ဆိုပါတယ်။ နောက်ထပ် လူဦးရေ ၆,၀၀၀ မှ ၇,၀၀၀ ခန့်ကို ရွှေ့ပြောင်းပေးရန် ကျန်ရှိနေသေးကြောင်း ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (World Food Programme - WFP) က ပြောပါတယ်။ လူဦးရေ ရာပေါင်းများစွာဟာ ဘဟားမားစ်မြို့တော် Nassau မြို့ရှိ ယာယီခိုလှုံရေးစခန်းတွေမှာ နေထိုင်နေကြရကြောင်း BBC သတင်းက ဖော်ပြပါတယ်။

Share

Loading Next Article...
က္က