မုန်တိုင်းပြင်းအားအဆင့် သတ်မှတ်ချက်များအနက် အမြင့်ဆုံးဖြစ်တဲ့ Category 5 အဆင့်ရှိ ဟာရီကိန်းမုန်တိုင်း ဒိုရီယန်ဟာ ဘဟားမားစ်နိုင်ငံ အနောက်မြောက်ဘက် ကုန်းတွင်းပိုင်းကို လေတိုက်နှုန်း တစ်နာရီလျှင် ၁၈၅ မိုင်နီးပါးဖြင့် ဝင်ရောက်တိုက်ခတ်ခဲ့ကြောင်း သိရပါတယ်။
အလွန်အန္တရာယ်ရှိတဲ့ ဟာရီကိန်းဒိုရီယန် (Hurricane Dorian) ရဲ့ လေတိုက်နှုန်းဟာ အမြင့်ဆုံး တစ်နာရီလျှင် မိုင် ၂၀၀ အထိ ပြင်းထန်အားကောင်းခဲ့ကြောင်း Daily Mail သတင်းက ဆိုပါတယ်။ ဒိုရီယန်ဟာ ခေတ်သစ်မှတ်တမ်းများအရ ယခုဧရိယာအတွင်း တိုက်ခတ်ခဲ့တဲ့ အပြင်းထန်ဆုံး ဟာရီကိန်းမုန်တိုင်းဖြစ်တယ်လို့ National Hurricane Center (NHC) က ပြောပါတယ်။
အဆိုပါမုန်တိုင်းဟာ အဘာကိုကျွန်းစုရှိ အဲလ်ဘိုးကျွန်းကို ဘဟားမားစ် ဒေသစံတော်ချိန် စက်တင်ဘာ ၁ ရက် မွန်းလွဲ ၁၂ နာရီ ၄၀ မိနစ်မှာ ဝင်ရောက်တိုက်ခတ်ခဲ့ကြောင်း NHC က ထုတ်ပြန်ထားပါတယ်။ မုန်တိုင်းဝင်ရောက်ခဲ့တဲ့ နေရာမှ ဒေသခံတွေက ဆိုရှယ်မီဒီယာမှာ လွှင့်တင်ခဲ့တဲ့ မှတ်တမ်းတွေအရ နေအိမ်အချို့ ရေလွှမ်းမိုးနေပြီး ခေါင်မိုးများပွင့်ထွက်နေတာ တွေ့ခဲ့ရပါတယ်။ အမေရိကန်နိုင်ငံ အရှေ့ဘက်ကမ်းရိုးတန်း ကုန်းတွင်းပိုင်းကို ဆက်လက် ဖြတ်သန်းမယ်လို့ ခန့်မှန်းထားပါတယ်။
(Map: National Hurricane Center)
မုန်တိုင်းဖြတ်သန်းရာ လမ်းကြောင်းဖြစ်နိုင်ကြောင်း ခန့်မှန်းထားတဲ့ ဂရင်းဘဟားမားကျွန်းမှ ဒေသခံများ ရွှေ့ပြောင်းနေကြတယ်လို့ ဆိုပါတယ်။ ဟာရီကိန်းဒိုရီယန်ကြောင့် ၂၃ ပေအထိ မြင့်မားတဲ့ မုန်တိုင်းဒီရေ တက်ရောက်နိုင်ကြောင်းလည်း တာဝန်ရှိသူတွေက သတိပေးထားပါတယ်။
ဟာရီကိန်းဒိုရီယန်ဟာ အနောက်ဘက်သို့ တစ်နာရီလျှင် ၇ မိုင်နှုန်းဖြင့် ရွေ့လျားနေပြီး ဂရိတ်အဘာကိုကျွန်းနဲ့ ဂရိတ်ဘဟားမားကျွန်းတို့ကို ဒေသစံတောချိန် စက်တင်ဘာ ၁ ရက် နှောင်းပိုင်းမှ စက်တင်ဘာ ၂ ရက်အတွင်း ဖြတ်သန်းသွားမယ်လို့ ခန့်မှန်းထားပါတယ်။ မုန်တိုင်းအန္တရာယ်ကြောင့် ဘဟားမားစ်မှာ လေဆိပ်အချို့ ပိတ်ထားခဲ့ပေမဲ့ အဓိက အပြည်ပြည်ဆိုင်ရာလေဆိပ်ကိုတော့ ဖွင့်ထားခဲ့ပါတယ်။
မုန်တိုင်းဟာ စက်တင်ဘာ ၁ ရက် ဒေသစံတော်ချိန် မနက်ပိုင်းအချိန်အထိ ဂရိတ်အဘာကိုကျွန်းရဲ့ အရှေ့ဘက် ၃၅ မိုင်အကွာမှာ တည်ရှိနေခဲ့ပြီး အနောက်ဘက်သို့ တစ်နာရီလျှင် ၈ မိုင်နှုန်းဖြင့် ရွေ့လျားလာခဲ့ပြီး ကုန်းတွင်းပိုင်း ဝင်ရောက်ခဲ့တာလည်း ဖြစ်ပါတယ်။ စက်တင်ဘာ ၁ ရက် နှောင်းပိုင်းအထိ မုန်တိုင်းကြောင့် သေဆုံးဒဏ်ရာရမှုနဲ့ ပတ်သက်ပြီး ဘဟားမားစ်အာဏာပိုင်တွေက တရားဝင် ပြောကြားခြင်းမရှိသေးပေမဲ့ ကြက်ခြေနီအဖွဲ့ရဲ့ အဆိုအရ မုန်တိုင်းကြောင့် နေအိမ် ၁၃,၀၀၀ ထိခိုက်ပျက်စီးခဲ့ဖွယ်ရှိတယ်လို့ သိရပါတယ်။
(Photo: Reuters)
ဘဟားမားစ်ကို ဝင်ရောက်တိုက်ခတ်ပြီးနောက် ဒိုရီယန်ဟာ အမေရိကန်ကမ်းရိုးတန်းသို့ ဆက်လက် ဦးတည်ရွေ့လျားပြီး ဖလော်ရီဒါပြည်နယ်ကို ဝင်ရောက်မယ်လို့ ခန့်မှန်းထားပါတယ်။ ဟာရီကိန်းမုန်တိုင်းတွေဟာ ဖလော်ရီဒါကမ်းလွန် ပင်လယ်ပြင်ကဲ့သို့ ပူနွေးတဲ့ရေပြင်အထက်မှ ဖြတ်သန်းစဉ် ပိုမိုအားကောင်းလာလေ့ရှိတယ်လို့ သိရပါတယ်။ ဟာရီကိန်းဒိုရီယန်က အမေရိကန်မှာ အများပြည်သူ အလုပ်ပိတ်ရက်ဖြစ်တဲ့ လာမယ့် တနင်္လာနေ့ (စက်တင်ဘာ ၂ ရက်) အလုပ်သမားနေ့မှာ ကုန်းတွင်းပိုင်းကို ဖြတ်သန်းတိုက်ခတ်နိုင်ကြောင်း NHC က ခန့်မှန်းထားပါတယ်။
(Photo: BBC)
ဖလော်ရီဒါပြည်နယ်အုပ်ချုပ်ရေးမှူး ရွန်ဒီစန်တစ်က မုန်တိုင်းအန္တရာယ်ရှိမှုကြောင့် ပြည်နယ်တစ်ခုလုံးကို အရေးပေါ် အခြေအနေ ထုတ်ပြန်ထားပြီး အမျိုးသားအစောင့်တပ်ဖွဲ့ဝင် ၂,၅၀၀ ကို မုန်တိုင်းဖြတ်သန်းမယ့် နေရာများသို့ စေလွှတ်ထားပြီး နောက်ထပ် တပ်ဖွဲ့ဝင် ၁,၅၀၀ ကို အသင့်အနေအထားရှိနေရန် တပ်လှန့်ထားပါတယ်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ကလည်း ဟာရီကန်းဒိုရီယန်ကို ဟာရီကိန်းအန်ဒရူးနဲ့ နှိုင်းယှဉ်ခဲ့ပြီး အဖျက်စွမ်းအားကြီးနိုင်ကြောင်း သတိပေး ပြောကြားခဲ့ပါတယ်။
ဟာရီကိန်းမုန်တိုင်း ဝင်ရောက်တိုက်ခတ်မယ့် အခြေအနေကြောင့် သမ္မတထရန့်က ပိုလန်နိုင်ငံ ခရီးစဉ်ကို ဖျက်သိမ်းခဲ့ပြီး ၎င်းအစား ဒုတိယသမ္မတ မိုက်ပင့်စ်ကို စေလွှတ်လိုက်ကြောင်းလည်း သိရပါတယ်။ ဟာရီကိန်းဒိုရီယန်ဟာ ပွာတိုရီကိုကျွန်းကို ဝင်ရောက်ခြင်းမရှိဘဲ ဖြတ်ကျော်လာခဲ့ပြီးနောက် ဘဟားမားစ်နဲ့ အမေရိကန်ကို ဦးတည်ချဉ်းကပ်လာခဲ့တာလည်း ဖြစ်ပါတယ်။