လစ်ဗာပူးလ်ကစားသမားဟောင်းတဦးပဲဖြစ်တဲ့ ဂျာမိန်းပီးနန့်က ဆော်ဒီကလပ် အယ်လ်အီတီဖတ်က လစ်ဗာပူးလ်ကွင်းလယ်လူ ဂျော်ဒန်ဟန်ဒါဆန်ကို တပတ်လုပ်ခ ပေါင် ၇ သိန်းအထိ ပေးချေမယ်ဆိုတဲ့အပေါ် လှောင်ပြောင်လိုက်ပါတယ်။ ဟန်ဒါဆန်ကတော့ ဆော်ဒီကလပ်ကို ပြောင်းရွှေ့ဖို့ရာ သဘောတူညီထားပြီး ဖြစ်ပါတယ်။ လက်ရှိမှာ အသင်းနှစ်သင်းကြား ပြောင်းရွှေ့ကြေးညှိနှိုင်းနေပြီး အင်္ဂလန်ကလပ်က ပေါင် ၁၀ သန်းအထိ တောင်းဆိုထားပါတယ်။
ဟန်ဒါဆန်ဟာ ပေါင် ၇ သိန်းရရှိမယ်ဆိုရင် ကမ္ဘာ့လုပ်ခလစာအများဆုံးရ ကစားသမားတွေထဲက တဦးဖြစ်လာမှာပါ။ လီဗာပူးလ်ကစားသမားဟောင်းပဲဖြစ်တဲ့ စတီဗင်ဂျရတ်ကိုင်တွယ်သွားမယ့် အယ်လ်အီတီဖတ်ကလည်း အခြားဆော်ဒီကလပ်တွေနည်းတူ နာမည်ကျော်တွေကို ခေါ်ယူဖို့ကြိုးစားနေပြီး ဟန်ဒါဆန်က သူတို့အတွက် အဓိကပစ်မှတ်လည်း ဖြစ်နေခဲ့တာပါ။
ဒါပေမယ့်လည်း ပီးနန့်က "ဟန်ဒါဆန်ကို တပတ်ပေါင် ၇ သိန်းပေးပြီးးတော့ ခေါ်တယ်ဆိုတာက ရူးနေတာပဲဗျ၊ သူ့အပေါ်ကို ဆော်ဒီကလပ်က ဘယ်လိုမြင်လဲ ကျနော်မသိဘူး၊ အဲဒါက ဂျော်ဒန်ဟန်ဒါဆန်ပါ၊ သူတို့တွေ မက်ဆီကို ခေါ်ယူဖို့ ကြိုးစားနေတာ မဟုတ်ပါဘူး၊ အဲဒါ ဟန်ဒါဆန်နော်" လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။
လီဗာပူးလ်နည်းပြ ယာဂင်ကလော့ပ်ကလည်း ဟန်ဒါဆန်နဲ့ တွေ့ဆုံဆွေးနွေးခဲ့ပြီး အသင်းကထွက်ခွာခွင့်ပေးဖို့အတွက် မီးစိမ်းပြခဲ့ပြီး ဖြစ်ပါတယ်။ အသက် ၃၃ နှစ်အရွယ် အင်္ဂလန်ကွင်းလယ်လူဟာ လီဗာပူးလ်အသင်းခေါင်းဆောင်အဖြစ်နဲ့ ရနိုင်သမျှ ဆုဖလားအားလုံးကို ကိုင်မြှောက်နိုင်ခဲ့သူလည်း ဖြစ်ပါတယ်။