သဇင်ထူးမြင့်က ရယ်စရာ ဟာသလေးတွေ လုပ်တတ်တာ ဖခင်ဖြစ်သူဆီက အမွေရထားတာလို့ ဆိုပါတယ်။
Photo: Dream Create Do
သဇင်ထူးမြင့်ကတော့ သူမရဲ့ အစ်ကိုဖြစ်သူ နေရဲ၊ သူငယ်ချင်းတွေဖြစ်တဲ့ မင်းခန့်ကို၊ မင်းခန့်ညီ တို့နဲ့ အတူ ဟာသ ဗီဒီယိုလေးတွေ အဆက်မပြတ်ရိုက်ကူးနေတာ တွေ့ရပါတယ်။ ဟာသနဲ့ ပတ်သက်လာရင်တော့ အဖေတူ သမီးတစ်ယောက်ဖြစ်တယ်လို့ Duwun Media အင်တာဗျူးမှာ ဖြေဆိုခဲ့တာပါ။
“ ဖေဖေ ကလည်း ညီမတို့ Vlog လေးတွေရိုက်ချင်တယ်ဆိုရင် ရိုက်ပေးမယ်။ အဓိက ကတော့ ဟာသလေးတွေပေါ့။ ဟာသနဲ့ ပတ်သက်ပြီး ဖေဖေ့ဆီက အမွေရထားတာလို့ ပြောလို့ရတယ်။ မောင်နှမ သုံးယောက်မှာ တစ်ယောက်ချင်းစီကို ပုံစံတစ်မျိုးစီရှိတယ်။ စကားပြောရင်းနဲ့ကို လွဲသွားတာလေးတွေ၊ ရယ်စရာလေးတွေ နဲ့ အရယ်သန်တာတွေကတော့ ဖေဖေနဲ့ တူတဲ့ အချက်တွေပဲပေါ့နော်” လို့ ဆိုပါတယ်။
Photo: RBV
သဇင်ထူးမြင့်၊ နေရဲ၊ မင်းခန့်ကို၊ မင်းခန့်ညီ တို့ဟာ Dream Create Do ဆိုတဲ့ Facebook Page လေးထောင်ပြီး ဟာသဗီဒီယိုလေးတွေ တင်လေ့ရှိပါတယ်။ ပရိသတ်တွေကိုလည်း အပြင်မှာ တကယ်ဖြစ်နေတဲ့ ရယ်စရာလေးတွေကို ပြချင်တဲ့ ရည်ရွယ်ချက်ပါလို့ သဇင်ထူးမြင့်က ပြောပါတယ်။
“ သဲတို့ရဲ့ Vlog လေးက ဟာသဘက်ကို သွားတယ်။ အပြင်မှာလည်း တကယ်ကို ခွီနေရတယ်။ မိသားစု Type ကိုက အရမ်း စည်းစည်းလုံးလုံးနဲ့ဆိုတော့ ပရိသတ်တွေက ဗီဒီယို အပိုင်းအစလေးတင်တာတောင် သဘောကျနေကြတယ်ဆိုတော့ တောက်လျှောက်ဖြစ်နေတဲ့အရာဆို ပိုသဘောကျကြမှာလေ။ ဒါကြောင့် အပြင်မှာ ဂိမ်းဆော့လည်း ပြတယ်၊ ထူးခြားတာကတော့ Vlog တိုင်းမှာ အစားအသောက်ကတော့ အမြဲပါတယ်” ဆိုပြီးတော့ မတ်လ ၂၃ ရက်နေ့ကမိသားစု အတူတူ ဆန်ဆီ ဝေတဲ့ အလှူလေးမှာ ဖြေဆိုခဲ့တာပါ။
Photo: Dream Create Do
Dream Create Do Facebook Page လေးကတော့ အခုဆိုရင် အားပေးကြည့်ရှုတဲ့ ပရိသတ်တွေ အများကြီးရှိလို့နေပါပြီ။ ဟာသဗီဒီယိုလေးကို စိတ်ဝင်တစားရှိကြတဲ့ ပရိသတ်တွေကလည်း အများကြီးပါ။ သဇင်ထူးမြင့်၊ နေရဲ၊ မင်းခန့်ကို၊ မင်းခန့်ညီ တို့ကလည်း လက်ရှိ အနုပညာလောကမှာ အောင်မြင်တဲ့ သရုပ်ဆောင်တစ်ယောက်ဖြစ်ဖို့ ကြိုးစားနေကြတဲ့ သရုပ်ဆောင်တွေ ဖြစ်ပါတယ်။
Photo: RBV
သဇင်ထူးမြင့်ကတော့ သရုပ်ဆောင်၊ ဒါရိုက်တာ ခင်လှိုင်ရဲ့ သမီးအငယ်ဆုံးလေး၊ သရုပ်ဆောင် နေရဲရဲ့ ညီမအငယ်ဆုံးလေးတစ်ယောက်ပါ။ ပညာရေးမှာလည်း ထူးချွန်သူဖြစ်သလို သရုပ်ဆောင်ဘက်မှာလည်း အကောင်းဆုံးကြိုးစားနေတာ တွေ့ရပါတယ်။ တက်သစ်စ လူငယ်အနုပညာရှင်တွေထဲမှာ သဇင်ထူးမြင့်ကလည်း ပရိသတ်အခိုင်အမာနဲ့ အောင်မြင်လာတဲ့ လူငယ် အနုပညာရှင်တစ်ဦးဖြစ်ပါတယ်။