မနေ့ညက ဟန်ဂေရီနဲ့အင်္ဂလန်တို့ရဲ့ နေးရှင်းလိဂ်ပွဲစဥ်မှာ ဟန်ဂေရီက အင်္ဂလန်ကို တလုံးတည်းသောသွင်းဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။ ဒီပွဲဟာ အင်္ဂလန်အတွက် (၂၀၂၀) နောက်ပိုင်း ပထမဆုံး သာမန်ပွဲကစားချိန်အတွင်း ရှုံးနိမ့်ခဲ့တဲ့ပွဲတပွဲဖြစ်လာခဲ့ပါတယ်။
ဒါပေမယ့် ဒီပွဲမှာ အင်္ဂလန်ပရိသတ်အချို့ကတော့ မက်ဂွိုင်းရားရဲ့ စွမ်းဆောင်ရည်ကို သဘောကျနေကြပြီး မက်ဂွိုင်းရားကို လှောင်ပြောင်တဲ့လူတွေ မှားယွင်းကြောင်း၊ ယူနိုက်တက်ကသာ မက်ဂွိုင်းရားလို ကစားသမားကောင်းကို ဖျက်ဆီးနေတာဖြစ်ကြောင်း ဝေဖန်လာကြပါတယ်။ မက်ဂွိုင်းရားဟာ ဒီပွဲမှာ အင်္ဂလန်အတွက် ပွဲချိန်ပြည့် ပါဝင်ကစားပေးခဲ့တာပါ။
အသက် (၂၉) နှစ်အရွယ် ဒီကစားသမားဟာ အင်္ဂလန်ရဲ့ခံစစ်ကနေ တိုက်စစ်ကို စတင်ဖို့ အကောင်းဆုံး ပုံဖော်ပေးနိုင်ခဲ့ပြီး ဘောလုံးတွေကို တောင်ပံဖြန့်ထုတ်ပေးတဲ့နေရာမှာလည်း တိကျသေချာမှုရှိခဲ့ပါတယ်။ ဒါ့အပြင် ဘောလုံးနဲ့အတူ တိုက်စစ်အထိ လိုက်ပါပြီး အသင်းကို ထိန်းကျောင်းမောင်းနှင်နိုင်ခဲ့တာကို ရုပ်သံမှတ်တမ်းတွေမှာ မြင်တွေ့ခဲ့ရပါတယ်။
ဒီလိုမျိုး မက်ဂွိုင်းရားရဲ့ ကစားပုံကို မြင်တွေ့ခဲ့ရတဲ့နောက် ပရိသတ်တွေက သူ့အပေါ် လှောင်ပြောင်ခဲ့တာ မှားယွင်းကြောင်း ဖွင့်ဟလာခဲ့တာပါ။ မက်ဂွိုင်းရားဟာ ယူနိုက်တက်မှာ ဆိုးရွားတဲ့ခြေစွမ်းတွေကြောင့် ပြီးခဲ့တဲ့ အင်္ဂလန်ရဲ့ ဆွစ်ဇာလန်၊ အိုင်ဗရီကို့စ်တို့နဲ့ခြေစမ်းပွဲတွေမှာ လှောင်ပြောင်ခံခဲ့ရပါတယ်။ ဒါ့အပြင် မက်ဂွိုင်းရားရဲ့နေအိမ်ကို ဗုံးထောင်ဖောက်ခွဲမယ်လို့လည်း ခြိမ်းခြောက်ခဲ့ကြပါတယ်။
ဒါပေမယ့် အခု ဟန်ဂေရီနဲ့ပွဲက မက်ဂွိုင်းရားရဲ့ စွမ်းဆောင်ရည်ကို မြင်တွေ့ခဲ့ကြတဲ့နောက် ပရိသတ်တွေက “အင်တာနက်ပေါ်က ဇာတ်ညွှန်းတွေအတိုင်း လိုက်ပြောနေတဲ့သူတွေသာ မက်ဂွိုင်းရားကို ဝေဖန်နေကြတာပါ” “တန်ဟက်ခ်လက်ထက်မှာ မက်ဂွိုင်းရား ပုံမှန်နေရာရရင် ယူနိုက်တက်ပရိသတ်တွေ ရှော့ခ်ရနိုင်ပါတယ်” “ယူနိုက်တက်က စပါးလက်သစ်ဖြစ်နေပါပြီ။ သူတို့ဝယ်သမျှ ကစားသမားသစ်တိုင်းက ပျက်စီးသွားပါတယ်” လို့ မှတ်ချက်ပြုခဲ့ကြပါတယ်။