ဒီတစ်ပတ်တော့ ခရီးသွားရတာနှစ်ခြိုက်ကြတဲ့သူတွေအတွက် ရန်ကုန်နဲ့ သိပ်မဝေးလှတဲ့ မြို့လေးတစ်မြို့ရဲ့ အလည်အပတ်သွားစရာ နေရာတွေအကြောင်း ပြောပြပေးချင်ပါတယ်။ ရှေးအစဉ်အခါက “ဟံသာဝတီ” လို့အမည်နာမပြုခဲ့ပြီး ဟံသာဝတီမင်းဆက်နဲ့ တောင်ငူမင်းဆက်တို့ရဲ့ မင်းနေပြည်တော်အဖြစ်ထင်ရှားကျော်ကြားခဲ့တဲ့ “ပဲခူးမြို့”ကို အလည်တစ်ခေါက်ရောက်ဖြစ်တဲ့အခါ ဘယ်နေရာတွေကို သွားသင့်သလဲဆိုတာတွေကို ဆက်လက် ကြည့်ရှူပေးကြပါဦး။
ရွှေပြည်အပန်းဖြေစခန်း
ရန်ကုန်မြို့ရဲ့ အရှေ့မြောက်ဘက်မှာတည်ရှိပြီး အကွာအဝေးအားဖြင့် ၅၃ ကီလိုမီတာ ( ၃၃ မိုင် )သာ ကွာဝေးတဲ့ပဲခူးမြို့မှာ အခုလို စိမ်းလန်းစိုပြေသာယာလှပတဲ့ Paradise လိုနေရာတစ်ခုရှိနေတဲ့မယုံနိုင်စရာ ကောင်းလှပါတယ်။ ဧက ( ၄၀၀ ) ရှိပြီး ကျယ်ဝန်းလှတဲ့ဥယျာဉ်ကျယ်ကြီးထဲမှာ မြန်မာ့ပန်းပုရုပ်ထုတွေအများကြီးရှိတဲ့အဆောက်အဦး ၊ မျက်ဆုံးတစ်ဆုံး သဘာဝကိုထိတွေ့ခံစားနိုင်မယ့် ရေကန်ကျယ်ကြီး ၊တောင်ကုန်းပေါ်မှာတည်ဆောက်ထားတဲ့ ကျွန်းသစ်အဆောက်အအုံတွေရဲ့အလှတွေအပြင် အရသာရှိလှတဲ့အစားအသောက်တွေကိုလည်း စားသုံးနိုင်မှာပဲဖြစ်ပါတယ်။
ရွှေသာလျောင်းဘုရား
ထုထည်ကြီးမားပြီးပဲခူးမြို့ရဲ့လျောင်းတော်မူသုံးဆူထဲမှာ အထင်ရှားဆုံးဘုရားဖြစ်တဲ့ ရွှေသာလျောင်းဘုရားကတော့ ကမ္ဘာ့ဒုတိယအကြီးမားဆုံးဘုရားဖြစ်ပါတယ်။ ဒီဘုရားကြီးရဲ့ တည်ရှိတဲ့ နေရာကတော့ ပဲခူးမြို့ရဲ့အနောက်ဘက်မှာပါ။ ဘုရားခြေတော်ရာကိုသေချာထွင်းထုပုံဖော်ထားတာကြောင့် သွားတဲ့အခါသေချာလေ့လာခဲ့ဖို့ သတိပေးလိုက်ပါရစေ။
ကျိုက်ပွန် လေးမျက်နှာဘုရား
ကကုသန္ဓ ၊ ကောဏဂမန ၊ ကဿပ ၊ ဂေါတမ မြတ်စွာဘုရားတို့ကိုကိုယ်စားပြုပြီး တည်ဆောက်ထားတဲ့ရုပ်ပွားတော်လေးဆူဟာ မွန်စကား အရဆိုရင် “ကျိုက်ပွန်” လို့ခေါ်ပါတယ်။ မြန်မာလို ဘုရားလေးဆူကိုခေါ်ဆိုခြင်းဖြစ်ပါတယ်။ တည်ထားပုံဆန်းပြားပြီး(၁၀)မိုင်အကွာအဝေးလောက်ကနေကြည့်ရင်တောင်ထင်ထင်ရှားရှားမြင်နိုင်တာမို့သမိုင်းဝင်နေရာတစ်ခုဖြစ်တာကြောင့်ရန်ကုန်-မန္တလေးလမ်းဟောင်းကနေတစ်ဆင့်သွားရောက်ဖူးမျှော်နိုင်ပါတယ်။
ရွှေမော်ဓောဘုရား
မြန်မာနိုင်ငံရဲ့ ဥာဏ်တော်အမြင့်ဆုံးစေတီတော်အဖြစ်သတ်မှတ်ခံရပြီး ငလျင်ဒဏ်ကြောင့်ပြိုကျပျက်စီးဖူးတဲ့ ငှက်ပျောဖူးတော်ကြီးကို ထူးခြားချက်အနေနဲ့တွေ့မြင်ရမှာဖြစ်ပါတယ်။ ပဲခူးမြို့ကို ရောက်ခဲ့မယ်ဆိုရင် မသွားမဖြစ်ရောက်အောင်သွားပြီး ဖူးမျှော်ကြည်ညိုပါလို့ တိုက်တွန်းပါရစေ။
ကမ္ဘောဇသာဒီရွှေနန်းတော်
ရွှေမော်ဓောဘုရားရဲ့မနီးမဝေးမှာတည်ရှိပြီး ဘုရင့်နောင်မင်းတရားကြီးစတင်တည်ထောင်ခဲ့တဲ့ ကမ္ဘောဇသာဒီရွှေနန်းတော်ကြီးဟာလည်း မဖြစ်မနေသွားရောက်လည်ပတ်သင့်တဲ့နေရာ တစ်ခုဖြစ်ပါတယ်။
ခမ်းနားထည်ဝါလှပပြီး ရှေးနန်းသုံးအဆောက်အအုံလက်ရာများနဲ့ ပြည့်နှက်နေတာကြောင့် တစ်ခေတ်တစ်ခါကို ပြန်လည်ရောက်ရှိသွားသလိုခံစားမိစေမှာပါ။
ခု ဖော်ပြထားတဲ့ နေရာတွေအပြင် ပဲခူးမြို့မှာအခြားနာမည်ကြီးကျော်ကြားတဲ့ လည်ပတ်နေရာတွေလည်း များပြားစွာရှိတဲ့အတွက်ကြောင့် ဒေသခံတွေကိုမေးမြန်းပြီး သွားနိုင်ပါတယ်။ ပဲခူးရောက်တုန်းရောက်ခိုက် ပဲခူးမြို့ရဲ့ဒေသထွက် အစားအစာတစ်ခုဖြစ်တဲ့ ငါးဖယ်ချဉ်ကိုလည်း မပါမဖြစ်ဝယ်ယူခဲ့ဖို့ မမေ့ပါနဲ့။
ယခု ခရီးသွားဆောင်းပါးကို Duwun နှင့် Flymya မှ ပူးပေါင်းတင်ဆက်ပါသည်။