ပရီးမီးယားလိဂ်ကို နာမည်ကျော်ဒိုင်လူကြီးဟောင်းဟောင်းဝက်ဝပ်ဘ် ပြန်လည်ရောက်ရှိလာခဲ့ပြီးနောက်မှာ မန်ချက်စတာယူနိုက်တက်အသင်းက သူတို့ရဲ့ ဒီရာသီပထမဆုံးစာချုပ်ချုပ်ဆိုမှုကို ပြုလုပ်နိုင်ခဲ့ပြီလို့ ပရိသတ်အများအပြားက ဟာသလုပ်နောက်ပြောင်မှုတွေရှိနေတယ်လို့ Sportbible က ဖော်ပြခဲ့ပါတယ်။
ဟောင်းဝက်ဝပ်ဘ်ဟာ ၂၀၁၀ ကမ္ဘာ့ဖလားဗိုလ်လုပွဲကို ကိုင်တွယ်ခဲ့ဖူးသူဖြစ်ပြီး ပရီးမီးယားလိဂ်ရဲ့ ဒိုင်ချုပ်အဖြစ်နဲ့ တာဝန်ထမ်းဆောင်ဖို့အတွက် ပြန်လည်ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။ လက်ရှိဒိုင်အကြီးအကဲမိုက်ရီလေးရဲ့ နေရာမှာ အစားထိုးဝင်ရောက်လာမှာဖြစ်ပြီး ဟောင်းဝက်ဝပ်ဘ်က မေဂျာလိဂ်မှာ တာဝန်ထမ်းဆောင်နေရာကနေ ပြန်လည်ရောက်ရှိလာမှာဖြစ်ပါတယ်။
သူဟာ ၂၀၁၄ ခုနှစ်၊ အသက် ၅၀ အရွယ်မှာ ဒိုင်လူကြီးတဦးအဖြစ်ကနေ နည်းစနစ်ဒါရိုက်တာအဖြစ် အခန်းကဏ္ဍပြောင်းလဲခဲ့တာဖြစ်ပါတယ်။ Professional Game Match Officials Board ကလည်း မိုက်ရီလေးနေရာကို ဟောင်းဝက်ဝပ်ဘ်နဲ့အစားထိုးဖို့မယ်လို့ The Telegraph ကို ပြောဆိုအတည်ပြုခဲ့ပါတယ်။
တွစ်တာပေါ်မှာတော့ ဒီသတင်းက တော်တော်လေးပျံ့နှံ့နေပြီး နောက်ပြောင်မှုတွေကလည်း အများကြီးရှီနေပါတယ်။ Telegraph Football ရဲ့ တွစ်တာပို့စ်ကို ပြန်လည်မျှဝေနေကြရာမှာ "ယူနိုက်တက်" လို့ ကတ်ရှင်ရေးသားပြီး မျှဝေသူတွေရှိနေခဲ့ပါတယ်။ နောက်တဦးကတော့ "မင်းတို့ရဲ့ ပထမဆုံးခေါ်ယူမှုအတွက် ဂုဏ်ပြုလိုက်ပါတယ်" လို့ ပြောဆိုရေးသားခဲ့သလို နောက်ထပ်တဦးကလည်း "မန်ချက်စတာယူနိက်တက်ပြန်လာပြီ" လို့ ရေးသားခဲ့ပါတယ်။
ဟောင်းဝက်ဝပ်ဘ်ရဲ့ ပရီးမီးယားလိဂ်ဒိုင်လူကြီးဘ၀မှာ မန်ချက်စတာယူနိုက်တက်အသင်းကို မျက်နှာသာပေးတယ်ဆိုတဲ့ စွပ်စွဲမှုတွေရှိနေခဲ့တာပါ။ လီဗာပူးလ်ကစားသမားဟောင်းဘာဘယ်ဆိုရင် ဟောင်းဝက်ဝပ်ဘ်ကို ယူနိုက်တက်အသင်းဂျာစီနဲ့ ဓာတ်ပုံအတုဖန်တီးကာ လူမှုကွန်ယက်ပေါ်မှာ တင်ခဲ့လို့ ပြစ်ဒဏ်ချမှတ်တာကိုတောင် ခံခဲ့ရဖူးပါတယ်။