ဓာတ်ပုံဟောင်းလေးကို တင်ပြီး ပြောခဲ့တာဖြစ်ပါတယ်။

လွင်မိုးကတော့ ညီအစ်ကိုတွေလို ချစ်ရတဲ့ ဟာသသရုပ်ဆောင်တွေ ဖြစ်တဲ့ ကင်းကောင် နဲ့ ကုသိုလ်တို့ကို သတိရတဲ့အကြောင်းတွေပြောလာပါတယ်။ 

Photo: Lwin Moe



လွင်မိုးကတော့ အနုပညာ အလုပ်တွေ အတူတူတွဲလုပ်ခဲ့ကြတဲ့ လူရွှင်တော် ဟာသသရုပ်ဆောင် ကုသိုလ်နဲ့ ကင်းကောင်တို့ကို သတိရတဲ့အကြောင်း ပြောလာပါတယ်။ အဆိုတော် ခင်မောင်တိုးရဲ့ "လွမ်း" ဆိုတဲ့ သီချင်း ထဲက စာသားလေးနဲ့ ပြောခဲ့တာပါ။ 

" လွမ်း.... ရင်ထဲလှိုက်လို့..အတိတ်ကိုလွမ်း..လွမ်း....ရင်ထဲရှိတဲ့ဒီဇာတ်လမ်း..ကိုကုသိုလ်...ကိုကင်း...သတိရတယ်" ဆိုပြီးတော့ မေလ ၂၇ ရက်နေ့ က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာပေါ်မှာ ရေးသားထားတာ တွေ့ရပါတယ်။ အဲဒီနောက် အမှတ်တရ ရိုက်ကူးခဲ့ဖူးတဲ့ ဓာတ်ပုံဟောင်းလေးကိုလည်း တင်ခဲ့ပါသေးတယ်။ ဟာသသရုပ်ဆောင် လူရွှင်တော်တွေဖြစ်တဲ့ ကုသိုလ် နဲ့ ကင်းကောင်တို့ကို ပရိသတ်တွေကလည်း ထပ်တူ သတိရမိတဲ့အကြောင်းတွေကို Comment ကနေတဆင့် ရေးသားထားခဲ့ကြပါတယ်။ 

Photo: Lwin Moe

ကုသိုလ်ကတော့ ၂၀၁၄ ခုနှစ် ဇွန်လ အတွင်းက အသည်းရောဂါနဲ့ ကွယ်လွန်သွားခဲ့တာဖြစ်ပါတယ်။ အခုဆိုရင်တော့ ၂၀၂၀ ခုနှစ် ဇွန်လမှာ သူကွယ်လွန်တာ (၆) နှစ်ရှိပါပြီ။ ကုသိုလ်ဟာ အနုပညာလောကထဲကို လူရွှင်တော် တစ်ယောက်အဖြစ် စတင်ဝင်ရောက်ခဲ့သူပါ။ ဗီဒီယိုဇာတ်ကားတွေ၊ တီဗီကြော်ငြာတွေ အပြင် Music Video တွေမှာလည်း ပါဝင်သရုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ သူ့ရဲ့ ဟာသပျက်လုံးတွေ၊ ရယ်စရာကောင်းတဲ့ ဟာသစကားလေး တွေကလည်း ပရိသတ်ကြားမှာ ရေပန်းစားခဲ့ပါသေးတယ်။ 

Photo: Lwin Moe

ကင်းကောင် ကတော့ ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၂၂ ရက်နေ့မှာ ကွယ်လွန်ခဲ့တာဖြစ်ပါတယ်။ သူဟာ ပုပ္ပါးမှာ ဇာတ်ကားရိုက်နေရင်း ကွယ်လွန်သွားခဲ့တာဖြစ်ပါတယ်။ ကင်းကောင်ကိုတော့လူရွှင်တော်ဆိုတာထက် ဟာသသရုပ်ဆောင် တစ်ယောက်အဖြစ် ပရိသတ်တွေက ပိုအားပေးခဲ့ကြတာ ဖြစ်ပါတယ်။ ရုပ်ရှင်ဇာတ်ကားကြီးတွေ၊ ဗီဒီယိုဇာတ်ကားတွေ အပြင် တီဗီကြော်ငြာတွေလည်း အများကြီးရိုက်ကူးခဲ့သူတစ်ယောက်ဖြစ်ပါတယ်။ 

Photo: Lwin Moe

ကင်းကောင်နဲ့ ကုသိုလ်တို့ဟာ သရဲလေးကောင် ဆိုတဲ့ ဟာသအဖွဲ့ဝင်တွေ ဖြစ်ပါတယ်။ သရုပ်ဆောင် လွင်မိုးနဲ့ သူတို့ဟာ မင်းသားနဲ့ ဇာတ်ပို့ဇာတ်ရံဆိုတဲ့ ဆက်ဆံရေးမျိုးမဟုတ်ဘဲ ညီအစ်ကိုအရင်းသဖွယ် သံယောဇဉ်ရှိခဲ့ကြသူတွေဖြစ်ပါတယ်။ လက်ရှိမှာတော့ လွင်မိုးဟာအနုပညာအလုပ်နဲ့ ပတ်သက်ပြီး ဇာတ်ကားတွေကိုလည်း ရွေးချယ်ရိုက်ကူးနေတာတွေ့ရပါတယ်။ အဲဒီနောက် သူ့ရဲ့ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတွေကိုလည်း ဦးဆောင်နေတယ်လို့ သိရပါတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က