ယူရိုခြေစစ်ပွဲအဖွင့်ပွဲမှာ ဂိုးပြတ်နိုင်ခဲ့တာပါ။

ပြင်သစ်ကတော့ ယူရိုခြေစစ်ပွဲအဖွင့်ပွဲမှာပဲ နယ်သာလန်ကို ဂိုးပြတ်တီးပြီး ဆုံးမလိုက်ပါတယ်။ အသင်းကြီးနှစ်သင်းတွေ့ဆုံတာဖြစ်လို့ အကြိတ်အနယ်ရှိမယ် ထင်ခဲ့ရပေမယ့်လည်း တကယ်တမ်းကစားချိန်မှာ ပွဲအစ ၂ မိနစ်ကတည်းက ဂရစ်မန်းရဲ့ သွင်းဂိုးနဲ့ ပြင်သစ်တို့ ဦးဆောင်နိုင်ခဲ့ပြီး နောက်ထပ် ၃ ဂိုးအထိ ထပ်သွင်းခဲ့ကာ ၄-၀ နဲ့ အနိုင်ရရှိခဲ့ပါတယ်။ 

ဒီပွဲမှာ ပြင်သစ်အသင်းခေါင်းဆောင်သစ် ကိုင်လီယန်ဘတ်ပီက ခြေစွမ်းပြသွားခဲ့ပြီး ၂ ဂိုးအထိ သွင်းယူပေးခဲ့ပါတယ်။ ဒါဟာ အသင်းခေါင်းဆောင်လက်ပတ်နဲ့ သူ ထိုက်တန်တယ်ဆိုတာကို ပြသခဲ့တာဖြစ်ပြီး အန်တိုနီယိုဂရစ်မန်းကလည်း အားလုံးထင်မှတ်နေသလို စိတ်ဓာတ်ကျနေတာမျိုးမရှိဘဲ အရေးပါတဲ့ အဖွင့်ဂိုးကို စောစောစီးစီးပဲ သွင်းယူပေးသွားခဲ့ပါတယ်။ 

ဖရန်ကီဒီဂျောင်မပါဝင်တဲ့ နယ်သာလန်ကွင်းလယ်ပိုင်းက ကစားပုံမဆိုးရွားခဲ့ပေမယ့် အခွင့်အရေးဖန်တီးမှုအပိုင်းမှာတော့ ပြင်သစ်ထက် အားနည်းနေခဲ့ပြီး အဆုံးသတ်မသေချာမှုတွေကြောင့်လည်း တဂိုးတောင် ပြန်မရခဲ့ပါဘူး။ ပြင်သစ်အတွက် ဂရစ်မန်းနဲ့ အူပါမီကာနိုတို့က ၂ မိနစ်၊ ၈ မိနစ်တွေမှာ သွင်းယူခဲ့ပြီး ဘတ်ပီက ၂၁ မိနစ်နဲ့ ၈၈ မိနစ်မှာ ၂ဂိုးထပ်သွင်းခဲ့ပါတယ်။ 

ဒီပွဲက ဒက်ချမ့်စ်အတွက်လည်း စိတ်သက်သာရာရခဲ့တဲ့ပွဲပါ။ အသင်းခေါင်းဆောင်သစ်အဖြစ် ဘတ်ပီကို ရွေးချယ်မှုကြောင့် အသင်းတွင်းစိတ်ဝမ်းကွဲမှုတွေ ရှိနိုင်ခဲ့ပြီး ကစားသမားကိုယ်တိုင်လည်း ခြေစွမ်းမပြနိုင်တာမျိုးတွေ ရှိနိုင်ခဲ့ပေမယ့် အသင်းသားတွေက အကောင်းဆုံးကစားသွားနိုင်ခဲ့ပြီး ပေးဂိုးမရှိနိုင်ပွဲကို ရယူနိုင်ခဲ့ပါတယ်။ ဗန်ဒိုက်ဦးဆောင်တဲ့ ဟော်လန်ခံစစ်ပိုင်းကတော့ ပြိုင်ဘက်ကို ၄ ဂိုးအထိ ပေးခဲ့ရကာ မျက်နှာပျက်စရာဖြစ်ခဲ့ရပါတယ်။ 

Share

Loading Next Article...
က္က