စားတဲ့အချိန်မှာ အတတ်နိုင်ဆုံး အငန်၊ အချိုမှုန့် ဒါမျိုးတွေကိုရှောင်ပါ။

ဟော့ပေါ့ကတော့ လူငယ်ရော၊ လူကြီး ကလေးပါမကျန် အကုန်ကြိုက်တဲ့အစားအစာတစ်ခုပါ။ မိုးအေးအေးလေးမှာ ဟော့ပေါ့ ပူပူလေး စားကြမယ်ဆိုတာနဲ့ ငြင်းမယ့်သူမရှိပါဘူး။ ဒါပေမယ့် ဟော့ပေါ့ကို အလွန်အကျွံစားမယ်ဆိုရင်တော့ ကျန်းမာရေးကို ထိခိုက်စေနိုင်သလို ကျန်းမာရေးနဲ့ညီညွှတ်စေတဲ့ ဟော့ပေါ့ ဖြစ်အောင် စားလို့ရတဲ့နည်းလမ်းတွေလည်း ရှိပါတယ်။

ကျန်းမာရေးနဲ့ညီတဲ့ဟော့ပေါ့ဖြစ်ဖို့ အရေးကြီးတဲ့အသားပြုတ်ရည်

ဟော့ပေါ့စားတဲ့အခါမှာ တစ်ချို့ကျတော့ သဘာဝ အသားပြုတ်ရည်နဲ့စားကြတာမျိုးရှိပါတယ်။  ဥပမာ - ကြက်ပြုတ်ရည်၊ ငါးပြုတ်ရည်၊ ကော်လဂျင်ပါတဲ့ ပြုတ်ရည် စသဖြင့် စားကြသလို မာလာအနှစ်နဲ့လုပ်ထားတဲ့ပြုတ်ရည်၊ ငရုတ်ဆီနဲ့ လုပ်ထားတဲ့ပြုတ်ရည် တို့နဲ့စားကြတာမျိုးတွေလည်း ရှိပါတယ်။  ဒါပေမယ့် ဟော့ပေါ့စားတဲ့အခါမှာ ကျန်းမာရေးနဲ့ ညီညွတ်အောင် ကြက်ပြုတ်ရည်၊ ငါးပြုတ်ရည်တို့နဲ့စားတာကပိုပြီးသင့်တော်ပါတယ်။

Photo: Freepik

ဟော့ပေါ့စားတဲ့အခါ ရနိုင်တဲ့ အာဟာရဓာတ်

ဟော့ပေါ့စားပြီဆိုရင် အသားတွေ၊ အသီးအရွက်အစုံ ပါဝင်တာကြောင့် ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အရေးကြီးတဲ့အာဟာရဓာတ်တွေ ရရှိနိုင်တာဖြစ်ပါတယ်။ ဟင်းသီးဟင်းရွက်မစားဖြစ်တဲ့သူတွေအနေနဲ့ ဟော့ပေါ့စားတဲ့အခါမှာ ဟင်းရွက်တွေလည်း ထည့်စားကြတာမို့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ရနိုင်ပါတယ်။

ဒါ့အပြင် ပုံမှန်ထမင်းဟင်းစားတဲ့အခါမှာ အသားကိုတစ်တုံးနှစ်တုံးလောက်ပဲ စားဖြစ်ပေမယ့် ဟော့ပေါ့စားရင် အသားကို အများကြီးစားကြပါတယ်။ ဒါကြောင့် ပုံမှန်အသားဓာတ်နည်းနေရင်တောင်မှ ဟော့ပေါ့စားတဲ့အခါမှာ အသားဓာတ်ပိုပြီးကောင်းကောင်းရပါတယ်။

Photo : Freepik

ဟော့ပေါ့ကြောင့် ဖြစ်နိုင်တဲ့ကျန်းမာရေးဆိုးကျိုးတွေ

ဟော့ပေါ့စားတဲ့အခါမှာ တော်တော်များများကတော ကျန်းမာရေးနဲ့အညီစားနိုင်ဖို့ ဆိုတာထက် အရသာထူးကဲပြီး အသား၊ အဆီများများ၊ နဲ့ စားကြတာမျိုးကို ပိုပြီး နှစ်သက်ကြပါတယ်။ တစ်ချို့က ဘူဖေးစားတာကြိုက်သလို တစ်ချို့ကတော့ တစ်ခါတည်းနဲ့ အများကြီးစားကြပါတယ်။ ဒီလိုနည်းလမ်းနဲ့ဟော့ပေါ့ကို ခဏခဏ စားမိနေတယ်ဆိုရင်တော့ ရင်ပြည့်ရင်ကယ်၊ အစာအဆိပ်ဖြစ်တာမျိုးတွေ ဖြစ်စေနိုင်ပါတယ်။  ဒါ့အပြင် အဆီဓာတ်များတဲ့အသားတွေဆီကနေရတဲ့ ကယ်လိုရီတွေက အဝလွန်ခြင်းတွေ ဖြစ်စေနိုင်ပါတယ်။

ဒါ့အပြင် အငန်စားများတဲ့အခါမှာ ဝက်ခြံတွေ ပေါက်လာတာ ၊ အမျိုးသမီးတွေဆို ဓမ္မတာ လာခါနီးမှာ ဖောတောင်ယောင်တာ၊ နာကျင်ကိုက်ခဲတာမျိုးတွေ ဖြစ်စေနိုင်ပါတယ်။  ဟော့ပေါ့စားတဲ့ အခါမှာ အသားပြုတ်ရည်မဟုတ်ဘဲ အချိုမှုန့်ရည် အရမ်းများပြီး  ငရုတ်ဆီတွေ ပါဝင်တဲ့ အရည်၊ မာလာအနှစ်တွေအများကြီးပါဝင်တဲ့ အရည်ဆိုရင်တော့  နောက်ဆက်တွဲအနေနဲ့ ကယ်လိုရီပမာဏပါဝင်မှုများခြင်းကြောင့် အဝလွန်ခြင်း၊ အစပ်များခြင်းကြောင့် အစာအိမ်နဲ့ အူလမ်းကြောင်းပြဿနာတွေလည်း  ဖြစ်လာနိုင်ပါတယ်။  

Photo : Freepik

ဒါဆို ကျန်းမာရေးနဲ့ညီတဲ့ဟော့ပေါ့ဖြစ်ဖို့ ဘယ်လိုဖန်တီးမလဲ။

ကျန်းမာရေးနဲ့ညီညွတ်တဲ့ဟော့ပေါ့ဖြစ်ဖို့ ဆိုရင် ဘူဖေးလိုမျိုးအများကြီးစားမယ့်အစား တစ်ပိုင်တစ်နိုင်လေး မှာပြီး စားတာက ခန္ဓာကိုယ်အတွက် ကယ်လိုရီ အပိုတွေ မရဘဲ ကျန်းမာရေးနဲ့ ညီညွှတ်စေပါတယ်။ ဟော့ပေါ့စားတဲ့ လတ်ဆတ်တဲ့အသားပြုတ်ရည်ကို ရွေးချယ်ပါ။ ဥပမာ-  ကြက်ပြုတ်ရည်၊ ငါးပြုတ်ရည်  စသဖြင့် အရည်ထဲကို အဆာပလာတွေ ထည့်စားတဲ့အခါ  အဆီများတဲ့အသား - ဥပမာ သုံးထပ်သားမျိုးကို ရှောင်ပါ။ ပင်လယ်စာ လတ်လတ်ဆတ်ဆတ်တွေ ထည့်စားပါ။ ဟင်းသီးဟင်းရွက်စားတဲ့အခါမှာ အစိမ်းရောင်အရွက်များများထည့်စားပါ။ ဟော့ပေါစားနေရင်း ရယ်ဒီမိတ်လုပ်ထားတဲ့ ဂတ်စ်အချိုရည်တွေ သောက်မယ့်အစား အသီးအနှံ ဖျော်ရည်၊ ရေ၊ လက်ဖက်ရည်အေး ဒါမျိုးတွေနဲ့ တွဲဖက်စားသုံးသင့်ပါတယ်။

Photo : Freepik

ဟော့ပေါ့ကြိုက်တဲ့သူတွေအတွက် အကြံပြုစကား

ဟော့ပေါ့အပါအဝင် ဘယ်လိုအပြင်စားမျိုး ဖြစ်ဖြစ် တစ်ပိတ်ကို တစ်ကြိမ် (သို့) နှစ်ကြိမ်လောက်ပဲစားသင့်ပါတယ်။ စားတဲ့အချိန်မှာ အတတ်နိုင်ဆုံး အငန်၊ အချိုမှုန့် ဒါမျိုးတွေကိုရှောင်ပါ။

ဖော်ပြပါသတင်းဆောင်းပါးပါအချက်အလက်များသည် ပန်းလှိုင်ဆေးရုံကြီးမှ အာဟာရဆိုင်ရာ အထူးပြုဆရာဝန်ဒေါက်တာဆုမြတ်သဇင်မှအကြံပြုဝေမျှပေးထားခြင်းဖြစ်ပါသည်။

Share

Loading Next Article...
က္က