ပြန်ရှာတွေ့နိုင်ရန် အကူအညီပေးသူကို ဆုကြေးငွေပေးမယ်လို့လည်း ကမ်းလှမ်းထားခဲ့ပါတယ်။

ဟာဝိုင်အီကျွန်းစုရှိ Maui ကျွန်းပေါ်မှာ သီတင်းနှစ်ပတ်ကျော်ကြာ ပျောက်ဆုံးနေခဲ့တဲ့ ခြေလျင်ခရီးထွက်သူ အမျိုးသမီးတစ်ဦးကို အသက်ရှင်လျက် ပြန်ရှာတွေ့ခဲ့ကြကြောင်း သိရပါတယ်။

(အမန်ဒါကို မိသားစု၊ ချစ်သူ၊ သူငယ်ချင်းများနှင်အတူ တွေ့ရစဉ်) (Photo: Sarah Haynes)

အသက် ၃၅ နှစ်အရွယ် အမန်ဒါအယ်လာ အမည်ရှိ အမျိုးသမီးကို မေ ၈ ရက်နေ့မှာ နောက်ဆုံး မြင်တွေ့ခဲ့ကြရတာ ဖြစ်ပါတယ်။ သူမရဲ့ မိသားစုနဲ့ သူငယ်ချင်းတွေက အပူတပြင်း လိုက်လံရှာဖွေခဲ့ကြပြီး ဘေးကင်းလုံခြုံစွာ ပြန်ရှာတွေ့နိုင်ရန် အကူအညီပေးသူကို ဆုကြေးငွေပေးမယ်လို့လည်း ကမ်းလှမ်းခဲ့ကြပါတယ်။

နှစ်ပတ်ကျော်ကြာ ပျောက်ဆုံးနေခဲ့တဲ့ အမန်ဒါကို သောကြာနေ့ (မေ ၂၄ ရက်) မှာ ပြန်ရှာတွေ့ခဲ့ကြပါတယ်။ အမန်ဒါက ကယ်ဆယ်ရေး ရဟတ်ယာဉ်တစ်စီးကို လက်ဝှေ့ယမ်းပြခဲ့ရာမှ သူမကို တွေ့ရှိခဲ့ကြတာဖြစ်ပါတယ်။ ယောဂနည်းပြတစ်ဦးဖြစ်တဲ့ အမန်ဒါဟာ Maui ကျွန်းပေါ်မှာ အပျော်ခြေလျင်ခရီး လှည့်လည်သွားလာရင်း လမ်းပျောက်သွားပြီး ဒဏ်ရာရခဲ့တယ်လို့ သတင်းတွေက ပြောပါတယ်။

(အမန်ဒါကို ပြန်ရှာတွေ့ခဲ့သူ သုံးဦးနှင့် ပြန်ရှာတွေ့ခဲ့သည့် တောတွင်းနေရာ) (Photo: Javier Cantellops)

သူမကို ကယ်ဆယ်ခဲ့ပြီးနောက် ရိုက်ကူးထားတဲ့ ဓာတ်ပုံတွေမှာတော့ အမန်ဒါဟာ ညစ်ပတ်ပေကျံနေပြီး ဒဏ်ရာရအနည်းငယ်ရထားပေမဲ့ ပြုံးနေတာတွေ့ခဲ့ရပါတယ်။ ဒေသတွင်း ဆေးရုံတစ်ခုမှာ ရိုက်ကူးထားတဲ့ ဗီဒီယိုတစ်ခုအတွင်း အမန်ဒါရဲ့ ဖခင်ဖြစ်သူက သမီးဖြစ်သူကို ပြန်ရှာတွေ့စဉ်မှာ ကလေးတစ်ယောက်လို အော်ဟစ်ငိုကြွေးခဲ့တယ်လို့ ဖွင့်ဟပြောခဲ့ပါတယ်။

အမန်ဒါဟာ နှစ်ပတ်ကျော်ကြာ ပျောက်ဆုံးနေခဲ့ပေမဲ့ အခြေအနေကောင်းတဲ့ ပုံစံရှိနေခဲ့တာ အံ့သြစရာကောင်းလှတယ်လို့ မိခင်ဖြစ်သူက ဆိုပါတယ်။ ဒေသခံ သတင်းတွေရဲ့ အဆိုအရ အမန်ဒါဟာ ကိုယ်အလေးချိန်လျော့ကျသွားခဲ့ပေမဲ့ ပိုးဖလံတွေ၊ ဘယ်ရီသီးတွေ စားခဲ့ပြီး ရေတံခွန်မှ ရေရှိနိုင်တာကြောင့် အသက်ရှင်ခဲ့တယ်လို့ သိရပါတယ်။

(အမန်ဒါနှင့် သူမ၏ဖခင်၊ အမန်ဒါနှင့် သူမ၏ချစ်သူ) (Photo: Amanda)

အမန်ဒါ ပျောက်ဆုံးသွားပြီးနောက် Facebook မှာလည်း သူမကို ရှာဖွေကယ်ဆယ်ရေးအတွက် Page တစ်ခုဖွင့်ထားခဲ့ပါတယ်။ အမန်ဒါရဲ့ကားနဲ့ မိုဘိုင်းဖုန်းကို Makawao သစ်တောကြိုးဝိုင်း ကားရပ်နားတဲ့နေရာမှာ တွေ့ခဲ့ရပြီးနောက် မိသားစုနဲ့ သူငယ်ချင်းတွေက သူမဟာ ခြေလျင်ခရီးသွာရင်း လမ်းပျောက်သွားခဲ့တယ်လို့ ယူဆခဲ့ကြတာဖြစ်ပါတယ်။

အမန်ဒါကို နောက်ဆုံး မြင်တွေ့လိုက်ရတဲ့ သူမရဲ့ချစ်သူကလည်း အမန်ဒါဟာ သစ်တောထဲမှာ ရှိနေခဲ့လိမ့်မယ်လို့ ခံစားရကြောင်း ပြောပါတယ်။ Maui ကျွန်းပေါ်မှာ အမန်ဒါ ပျောက်ဆုံးသွားမှု ၁၇ ရက်နီးပါးကြာပြီးနောက် မေ ၂၄ ရက်မှာတော့ ရှာဖွေရေးအဖွဲ့ဝင် သုံးဦးက သူမကို နက်ရှိုင်းတဲ့ လျှိုမြောင်တစ်ခုထဲမှာ တွေ့ခဲ့ကြတယ်လို့ BBC သတင်းမှာ ဖော်ပြထားပါတယ်။

Share

Loading Next Article...
က္က