ကျောင်းနဲ့ရုံးများပိတ်ထားရပြီး ဒေသခံတွေက မုန်တိုင်းအန္တရာယ်လွတ်ရာမှာ ခိုလှုံနေကြပါတယ်။

အမေရိကန်နိုင်ငံ ဟာဝိုင်အီပြည်နယ်ကို ဟာရီကိန်းမုန်တိုင်း ချဉ်းကပ်တိုက်ခတ်လာမှုကြောင့် ရုတ်တရက် ရေကြီးမှုတွေနဲ့ မြေပြိုမှုတွေ ဖြစ်ပေါ်နေကြောင်း သိရပါတယ်။ ဟာရီကိန်းလိန်း (Lane) က ဟာဝိုင်အီကို ပြင်းအားအဆင့် ၃ (category 3) မုန်တိုင်းအဖြစ် ကြာသပတေးနေ့ (သြဂုတ် ၂၃ ရက်) မှာ အားလျော့ခဲ့ပါတယ်။

Map: The Weather Channel



မုန်တိုင်းတိုက်မှုကြောင့် ဟာဝိုင်အီမှာ ကျောင်းနဲ့ရုံးများပိတ်ထားရပြီး ဒေသခံတွေက မုန်တိုင်းလွတ်ရာမှာ ခိုလှုံနေကြပါတယ်။ ဟာရီကိန်းလိန်းဟာ ဟာဝိုင်အီကျွန်းအနီး ချဉ်းကပ်လာစဉ် လေတိုက်နှုန်း တစ်နာရီလျှင် ၁၂၅ မိုင်ဖြင့် တိုက်ခတ်နေခဲ့ပြီး မိုးသည်းထန်စွာရွာသွန်းမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ မုန်တိုင်းချဉ်းကပ်လာမှုကြောင့် ဟာဝိုင်အီပြည်နယ်ကို ရာသီဥတုဆိုင်ရာ အရေးပေါ်အခြေအနေအဖြစ် သမ္မတဒေါ်နယ်ထရန့်က အစောပိုင်းမှာ ကြေညာထားခဲ့ပါတယ်။

Photo: Getty Images

ပြည်ထောင်စုအစိုးရ တာဝန်ရှိသူတွေက ဟာရီကိန်းမုန်တိုင်း ဝင်ရောက်တိုက်ခတ်မယ့် ဟာဝိုင်အီဒေသခံတွေနဲ့ အရေးပေါ် ကယ်ဆယ်ရေးလုပ်ငန်းတွေကို ကူညီထောက်ပံ့ပေးနိုင်ရန် အသင့်ပြင်ဆင်ထားကြောင်း သမ္မတအိမ်ဖြူတော်က ပြောပါတယ်။ ဟာရီကိန်းမုန်တိုင်းဟာ အားလျော့သွားခဲ့ပေမဲ့လည်း အန္တရာယ်ရှိတဲ့ အခြေအနေမှာရှိနေဆဲဖြစ်ပြီး ရေကြီးမှုတွေဟာ အဓိက စိုးရိမ်စရာဖြစ်ကြောင်း အမျိုးသားမိုးလေဝသဌာန (National Weather Service - NWS) က Twitter မှာ ရေးသားထားပါတယ်။

မုန်တိုင်းကြောင့် ယူနိုက်တက်လေကြောင်းလိုင်းက ဟာဝိုင်အီရှိ Maui ကျွန်းမှ သောကြောနေ့ (သြဂုတ် ၂၄ ရက်) မှာ ပျံသန်းမယ့် လေကြောင်းခရီးစဉ်အားလုံးကို ဖျက်သိမ်းလိုက်ကြောင်း သိရပါတယ်။

Photo: DOTHawaii

NWS က ဟာရီကိန်းမုန်တိုင်းကြောင့် ဟာဝိုင်အီမှာ သြဂုတ် ၂၃ ရက် မိုးရေချိန်ဟာ ၁၂ လက်မကျော်အထိ ရွာသွန်းနိုင်ကြောင်း အစောပိုင်းမှာ သတိပေးချက် ထုတ်ပြန်ထားခဲ့ပါတယ်။ သမိုင်းတစ်လျှောက် ယခု ဟာရီကိန်းကဲ့သို့ အားကောင်းတဲ့ မုန်တိုင်းမျိုး ဟာဝိုင်အီကျွန်းစုရဲ့ မိုင် ၃၅၀ အတွင်း နှစ်ကြိမ်သာ ဝင်ရောက်ခဲ့ဖူးတယ်လို့ ဆိုပါတယ်။ ရေစီးကြောင်းတွေနဲ့ ရေပြင်အခြေအနေတို့ကြောင့် ပစိဖိတ်အလယ်ပိုင်းဒေသဟာဝိုင်အီကို ဟာရီကိန်းမုန်တိုင်း ဝင်ရောက်တိုက်ခတ်မှုဖြစ်စဉ် ရှားပါးလေ့ရှိကြောင်းလည်း သိရပါတယ်။ ဟာရီကိန်းမုန်တိုင်းတွေဟာ ပုံမှန်အားဖြင့် အမေရိကန်နိုင်ငံ အရှေ့ပိုင်းဒေသတွေကို ဝင်ရောက်တိုက်ခတ်လေ့ ရှိပါတယ်။

Photo: Getty Images

NWS ရဲ့ အဆိုအရ ဟာဝိုင်အီပြည်နယ် ကုန်းတွင်းပိုင်းကို ၁၉၅၉ ခုနှစ်မှစပြီး အမည်သတ်မှတ်နိုင်တဲ့ မုန်တိုင်း လေးကြိမ်သာ ဝင်ရောက်တိုက်ခတ်ခဲ့ဖူးပြီး ၎င်းတို့အနက် မုန်တိုင်းနှစ်ခုသာလျှင် ဟာရီကိန်းမုန်တိုင်းအဆင့် ဖြစ်ခဲ့ကြောင်း သိရပါတယ်။ ယေဘူယျအားဖြင့် ဟာဝိုင်အီကျွန်းစုရဲ့ မိုင် ၆၀ အတွင်း အမည်သတ်မှတ်နိုင်တဲ့ ပြင်းအားအဆင့်ရှိ မုန်တိုင်းတိုက်ခတ်မှု လေးနှစ်တစ်ကြိမ် ကြုံရလေ့ရှိပါတယ်။ ယခုလအစောပိုင်းက ပြင်းအားအဆင့် ၄ (category 4) ရှိ ဟာရီကိန်းမုန်တိုင်း ဟက်တာ (Hector) ဟာဝိုင်အီကျွန်းစုအနီးမှ ဖြတ်သန်းသွားခဲ့ပေမဲ့ ဟာရီကိန်းလိန်းကဲ့သို့ ကျွန်းစုနဲ့နီးကပ်လာခဲ့ခြင်း မရှိဘူးလို့ ဆိုပါတယ်။

Share

Loading Next Article...
က္က