ပရီးမီးယားလိဂ်ရဲ့ တိုက်စစ်မှူးဟောင်းကြီး အဘွန်လဟော်က လက်ရှိစပါးတိုက်စစ်မှူး ဟာရီကိန်းဟာ ဘိုင်ယန်မြူးနစ်တိုက်စစ်မှူး လီဝန်ဒေါစကီးထက် ပိုမိုကောင်းမွန်တဲ့ တိုက်စစ်မှူးတယောက်ဖြစ်တယ်လို့ ပြောကြားလိုက်ပါတယ်။ အဘွန်လဟော်ဟာ လီဝန်ဒေါစကီးရဲ့ အချက်အလက်မှတ်တမ်းတွေကိုတော့ ချီးကျူးခဲ့ပါတယ်။
ဒါပေမယ့်လည်း လီဝန်ဒေါစကီးလက်ရှိကစားနေတဲ့ ဘွန်ဒက်စ်လီဂါကိုတော့ မစ်ကီးမောက်စ်လိဂ်လို့ သရော်ခေါ်ဝေါ်ခဲ့ပါတယ်။ လီဝန်ဒေါစကီးဟာ ဒီရာသီ ဘွန်ဒက်စ်လီဂါ (၂၇) ပွဲမှာ (၃၁) ဂိုး သွင်းယူထားနိုင်တဲ့ ကစားသမားပါ။ talkSPORT နဲ့ တွေ့ဆုံမေးမြန်းခန်းမှာတော့ အဘွန်လဟော်က “လီဝန်ဒေါစကီးက ထူးချွန်တဲ့ တိုက်စစ်မှူးပါ”
“ဒါကို ကျနော် ခံစားမိပါတယ်။ သူ့ရဲ့ ဂိုးသွင်းမှတ်တမ်းတွေ၊ အချက်အလက်တွေက ရူးလောက်စရာပါပဲ။ ဒါပေမယ့် ကျနော်တို့ ပြောနေသလို ပြောရရင် လီဝန်ဒေါစကီးက မစ်ကီးမောက်စ်လိဂ်မှာ ကစားနေတာပါ။ ပရီးမီးယားလိဂ်က ဟာရီကိန်းနဲ့ ယှဥ်ကြည့်ရအောင်။ ဟာရီကိန်းက ပရီးမီးယားလိဂ်မှာ ဘယ်နှဂိုးသွင်းထားပြီလဲ"
“ဟာရီကိန်းသာ ဘိုင်ယန်မြူးနစ်မှာ သွားကစားနေရင် သူ အခုလောက်ဆို ဘယ်နှဂိုးလောက် သွင်းထားပြီလဲ။ ဆာနေး၊ မူလာ၊ ကင်မစ်ချ်၊ နာဘရီတို့သာ သူ့နောက်မှာရှိတယ်ဆိုရင်ရော? ဟာရီကိန်းက လီဝန်ဒေါစကီးထက် ဂိုးတွေအများကြီး ပိုသွင်းထားမှာပါ” လို့ ပြောကြားသွားခဲ့တာပဲဖြစ်ပါတယ်။
လီဝန်ဒေါစကီးဟာ ဒီရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ ဂိုးသွင်းအများဆုံး ကစားသမားအဖြစ်လည်း ရပ်တည်လျက်ရှိပါတယ်။ ဟာရီကိန်းကတော့ ပရီးမီးယားလိဂ်သမိုင်းတလျှောက်မှာ (၅) ယောက်မြောက် ဂိုးသွင်းအများဆုံး ကစားသမားလည်းဖြစ်ပါတယ်။
မနေ့ညက အင်္ဂလန်နဲ့ဆွစ်ဇာလန်ခြေစမ်းပွဲမှာလည်း ဟာရီကိန်းက အသင်းအတွက် အနိုင်ဂိုးကို ပင်နယ်တီကတဆင့် သွင်းယူခဲ့ပါတယ်။ အဲ့ဒီဂိုးကြောင့် ဟာရီကိန်းက ဆာဘော်ဘီချာလ်တန်ရဲ့ အင်္ဂလန်အတွက် သွင်းဂိုး (၄၉) ဂိုးကို လိုက်မှီသွားခဲ့ပါတယ်။ ဒါ့အပြင် အင်္ဂလန် အတွက် ဂိုးအများဆုံး သွင်းထားတဲ့ ရွန်းနီရဲ့ စံချိန်ကို လိုက်မှီဖို့အတွက်လည်း (၄) ဂိုးသာ လိုအပ်ပါတော့တယ်။