နည်းပြအန်ဆယ်လော့တီကတောင် ဟာဇက် ပြန်လာပြီလို့ ပြောခဲ့တာပါ။

အီဒင် ဟာဇက်ဟာ ကမ္ဘာ့အဆင့် ဘောလုံးသမားတစ်ယောက် ဖြစ်နေဆဲဖြစ်ပြီး အဲဒါကို အက်သလက်တစ် ဘီလ်ဘာအိုနဲ့ ကစားခဲ့တဲ့ပွဲစဉ်မှာ အလွန်ကောင်းမွန်တဲ့ စွမ်းဆောင်ရည်နဲ့ ပြသခဲ့ပါတယ်။

ဟာဇက်ဟာ ကြာသပတေးနေ့က ဘီလ်ဘာအိုကို ရီးရဲလ်မက်ဒရစ်အသင်းက ခက်ခက်ခဲခဲ အနိုင်ယူခဲ့ရတဲ့ လာလီဂါပွဲစဉ်မှာ ပါဝင်ကစားပေးခဲ့တာဖြစ်ပြီး အသက် ၃၀ အရွယ်တောင်ပံကစားသမားဟာ ၂ ပွဲဆက်တိုက် ပွဲထွက်ကစားသမားအဖြစ် ပါဝင်ကစားပေးခဲ့တာဖြစ်ပါတယ်။ အီဒင် ဟာဇက်ဟာ ဘီလ်ဘာအိုရဲ့ ခံစစ်ဧရိယာထဲမှာ ပြေးလွှားမွှေနှောက်ပြီး ၎င်းရဲ့ အဝေးဘော ပေးပို့မှုစွမ်းရည်တွေကိုလည်း ပြသရင်း အဆက်မပြတ် ခြိမ်းခြောက်မှုတွေ ပြုလုပ်နိုင်ခဲ့တာဖြစ်ပါတယ်။



ဘယ်လ်ဂျီယံကြယ်ပွင့်ဟာ ယုံကြည်မှု ကင်းမဲ့နေပေမယ့်လည်း ဘောလုံးကို ရယူဖို့အတွက် တွန့်ဆုတ်နေခြင်းမရှိဘဲ အရာအားလုံးကို အမှန်တကယ်ဖြစ်လာအောင် ပြုလုပ်နေခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် ဟာဇက်ဟာ ခံစစ်ပိုင်းကိုလည်း ပြောင်းရွှေ့ကစားခဲ့တာကို မြင်တွေ့ခဲ့ရပြီး အဲဒါကို နည်းပြ အန်ဆယ်လော့တီအနေနဲ့ ဘယ်လိုမှ သတိမပြုမိဘဲ မနေနိုင် ဖြစ်ခဲ့ရတာဖြစ်ပါတယ်။

ဟာဇက်ဟာ ရီးရဲလ်မက်ဒရစ်အသင်းရဲ့ ကြီးမားတဲ့ ပြောင်းရွှေ့ကြေးအတွက် လုပ်ပြစရာတွေ အများကြီး ကျန်ရှိနေသေးပေမယ့် တဖြည်းဖြည်းချင်းတော့ ၎င်းဟာ ထိုက်တန်သူဖြစ်တယ်ဆိုတာကို သက်သေပြသသွားမှာ သေချာပါတယ်။ ချဲလ်ဆီးကြယ်ပွင့်ဟောင်းဟာ ခြေစွမ်းကောင်းရရှိနေတဲ့ ဗင်နစ်ရှပ် ဂျူနီယာ၊ ဘန်ဇီးမားတို့နဲ့အတူ တိုက်စစ်မှာ မြှားဦးချွန်လိုမျိုး ပုံဖော်နိုင်ခဲ့မယ်ဆိုရင်ဆိုတဲ့အတွေးက စိတ်လှုပ်ရှားစရာ အလားအလာပဲ ဖြစ်ပါတယ်။

ဟာဇက်ရဲ့ စွမ်းဆောင်ရည်ဟာ နည်းပြ အန်ဆယ်လော့တီတင်မကဘဲ လူမှုကွန်ရက်ပေါ်မှာရှိတဲ့ ပရိသတ်တွေကပါ တခုတ်တရ ပြောနေရလောက်တဲ့အထိ အလွန်ကောင်းမွန်ခဲ့တာဖြစ်ပါတယ်။ "ဒီစွမ်းဆောင်ရည်က ဘယ်လိုဖြစ်ပြီး ညံ့တာလဲ။ ဘယ်သူမှ ထူးထူးခြားခြား မလုပ်ခဲ့ဘူးဆိုရင် သူက မနေ့က ငါတို့ရဲ့ အကောင်းဆုံးကစားသမားတွေထဲက တစ်ဦးဖြစ်ခဲ့တာပဲ"လို့ ပရိသတ်တစ်ဦးက ရေးသားခဲ့ပါတယ်။

နည်းပြ အန်ဆယ်လော့တီကလည်း ဟာဇက်ရဲ့ စွမ်းဆောင်ရည်ကို အထင်ကြီးခဲ့ကြောင်းကို AS နဲ့ တွေ့ဆုံရာမှာ "သူ အသင်းအတွက် အလုပ်ကြိုးစားခဲ့တယ်။ သူ့ရဲ့ ရုပ်ပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီး သူ သံသယရှိခဲ့တယ်ဆိုတာ အမှန်ပါပဲ။ ဒါပေမယ့် သူ ကောင်းကောင်း လုပ်နိုင်ခဲ့ပါတယ်။ ဒုတိယပိုင်းမှာ သူ အရာအားလုံးကို ကြိုးပမ်းခဲ့တယ်။ သူ ပြန်လာပါပြီ။ ကျွန်တေ်ာ အဲဒါကို သဘောတူပါတယ်။ ဟာဇက်က အသင်းအတွက်တော့ ကောင်းမွန်မှုတစ်ခုဆိုတာ ဟုတ်တာပေါ့။ သူ ကောင်းကောင်း လုပ်နိုင်ခဲ့တယ်။ တိုက်ပွဲဝင်ခဲ့တယ်။ သူ ခြိမ်းခြောက်မှုတွေ ပြန်လုပ်လာနိုင်ခဲ့တယ်"

"ကစားသမားတွေက အသင်းက ခံစစ်အခြေအနေမှာ ဘာလုပ်ရမယ်ဆိုတာကို ကောင်းကောင်းနားလည်နေပြီး သူတို့တွေ ကောင်းကောင်း လုပ်နိုင်ခဲ့ပါတယ်။ သူတို့တွေ အလုပ်လုပ်ခဲ့ကြပြီး အရည်အသွေးတွေကို ပြသခဲ့ကြပါတယ်။ ကွာခြားမှုဖြစ်ခဲ့တာကတော့ ခုခံကာကွယ်မှုမှာပါ။ တိုက်စစ်မှာမဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့မှာ တစ်ဦးချင်းစီ အရမ်းကောင်းတဲ့ ကစားသမားတွေ ရှိနေလို့ပါ"လို့ ပြောကြားခဲ့ပါတယ်။

Share

က္က