ရီးရဲလ်မက်ဒရစ်နည်းပြ ကာလို အန်ဆလော့တီက အသင်းမှာ ပုံမှန်ပွဲထွက်ခွင့်အတွက် နေရာမရဖြစ်နေတဲ့ အီဒင် ဟာဇက်ဟာ လက်ရှိ ၂၀၂၂-၂၀၂၃ ရာသီ ဒုတိယပိုင်းမှာ ပိုမို ပါဝင်ကစားပေးသွားဖို့ ပြင်ဆင်နေတယ်လို့ ပြောကြားခဲ့ပါတယ်။
အသက် ၃၁ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဟာဇက်ဟာ ၂၀၁၉ ခုနှစ် နွေရာသီမှာ ယူရို ၁၁၅ သန်းဝန်းကျင်နဲ့ ချဲလ်ဆီးအသင်းကနေ ဘာနေဗျူးကို ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပါတယ်။ ဟာဇက်ဟာ ရီးရဲလ်မက်ဒရစ်အသင်းရဲ့ ဈေးအကြီးဆုံးကစားသမားခေါ်ယူမှုဖြစ်ခဲ့ပေမယ့်လည်း ထပ်တလဲလဲ ရရှိနေတဲ့ ဒဏ်ရာတွေကြောင့် အသင်းအတွက် ပုံမှန်ခြေစွမ်းထိန်းသိမ်းနိုင်ခြင်းမရှိခဲ့တာ ဖြစ်ပါတယ်။
နည်းစနစ်ပိုင်းကောင်းမွန်ပြီး အလိမ်အခေါက်ကောင်းမွန်တဲ့ ဟာဇက်ဟာ တောင်ပံကနေ အတွင်းကို ချိုးဝင်ပြီး ဂိုးတွေသွင်းယူချင်သူဖြစ်ပြီး ယခုရာသီမှာ ပြိုင်ပွဲစုံ ၆ ပွဲမှာ သွင်းဂိုး ၁ ဂိုးနဲ့ ဂိုးဖန်တီးမှု ၁ ကြိမ် ပြုလုပ်ထားသူဖြစ်ပါတယ်။ ယခုလအစောပိုင်း ကာတာက ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ သွင်းဂိုး သွင်းယူနိုင်ခဲ့ခြင်းမရှိခဲ့သူ ဖြစ်ပြီး အန်ဆလော့တီက ဟာဇက်ရဲ့ ကြံ့ခိုင်မှုနဲ့ပတ်သက်ပြီး ပြောဆိုခဲ့ရာမှာ ချဲလ်ဆီးကြယ်ပွင့်ဟောင်းက ၎င်းရဲ့အစီအစဉ်ထဲမှာ ပါဝင်နေတယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။
"သူက တကယ်ကို ကောင်းကောင်း လုပ်နေပါတယ်။ သူက ကောင်းကောင်း လေ့ကျင့်ခဲ့ပြီး ကမ္ဘာ့ဖလားမစတင်ခင်ကထက် ပိုမိုကောင်းမွန်တဲ့ပုံစံမှာ ရှိနေပါတယ်။ သူက မကြာသေးခင်တုန်းကလည်း ကောင်းကောင်းလုပ်နိုင်ခဲ့ပြီး ကျွန်တော်တို့ ကစားရမယ့်ပွဲစဉ်တွေအားလုံးနဲ့ဆိုရင် ကျွန်တော်တို့ လူစာရင်းတစ်ခုလုံးကို အသုံးပြုရမှာပါ။ သူက ဒီရာသီ ဒုတိယပိုင်းမှာ ကျွန်တော်တို့အတွက် အများဆုံးပါဝင်ကစားပေးသွားမယ့် ကစားသမားတွေထဲက တစ်ဦးပါ"လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။