ရီးရဲလ်မက်ဒရစ်ကွင်းလယ်လူတိုနီခရူးစ်က အသင်းဖော်အီဒင်ဟာဇက်လို ကစားသမားတွေက ဘာမှသနားစရာမရှိဘူးလို့ ပြောဆိုလိုက်ပါတယ်။ ဟာဇက်ကတော့ ၂၀၁၉ မှာ ရီးရဲလ်ကို ပြောင်းရွှေ့လာခဲ့ပြီးနောက်မှာ ခြေစွမ်းမပြသနိုင်ဘဲ ကစာသးမားဘ၀ စုံးစုံးမြုပ်တဲ့အထိ ဖြစ်နေခဲ့ရကာ အရန်ခုံမှာပဲ အချိန်ကုန်နေရတာဖြစ်ပါတယ်။ လက်ရှိမှာလည်း အသင်းနဲ့ လမ်းခွဲရဖို့အထိ ရင်ဆိုင်နေရပြီး အနာဂတ်မသေမချာဖြစ်နေပါတယ်။
ဟာဇက်ကိုယ်တိုင်ကလည်း သူ ပွဲကစားခွင့်မရဘဲဖြစ်နေတဲ့အပေါ်မှာ ညည်းတွားပြောဆိုခဲ့ပြီး နည်းပြနဲ့ သူနဲ့ စကားပြောဆိုမှုမရှိဘူးလို့ ဝန်ခံခဲ့ပါတယ်။ အန်ဆယ်လော့တီကလည်း ဟာဇက်ရဲ့ ခြေစွမ်းအပေါ် အထင်ကြီးမှု လုံး၀မရှိဖြစ်နေပြီး သူ့အသင်းအတွက် ကစားပေးနိုင်တဲ့ အနေအထားမှာမရှိဘူးလို့ ပွင့်ပွင့်လင်းလင်းပဲ ပြောဆိုထားခဲ့ပါတယ်။
တိုနီခရူးစ်က "အခု ဟာဇက်ရင်ဆိုင်နေရတာတွေအတွက် ကျနော့်မှာ သနားမှုမရှိဘူး၊ သူက ဆိုးရွားတဲ့ဘ၀တခုကို ပိုင်ဆိုင်နေတာမှမဟုတ်တာ ဒါမှမဟုတ် ဆိုးရွားတဲ့ အချိန်တခုကို ပိုင်ဆိုင်နေတာမဟုတ်ဘူးလေ၊ ဘောလုံးသမားမဟုတ်ဘဲ ဒုက္ခရောက်နေတဲ့ လူတွေအတွက်တော့ ကျနော်ကိုယ်ချင်းစာပါတယ်၊ ဘောလုံးလောကထဲမှာ ဘယ်သူမှ သနားစရာကောင်းတာမျိုးမရှိပါဘူး"
"ဟာဇက်ကို ကျနော် ကောင်းကောင်းသိပါတယ်၊ ဒါပေမယ့် အရမ်းကိုဆိုးရွားနေတဲ့ ဘ၀ကို ဖြတ်သန်းနေရတဲ့ သူတွေကိုပဲ ကျနော်သနားမိတယ်၊ အဲဒီထဲမှာ ဟာဇက်လို ကစားသမားတွေမပါဘူး" လို့ ပြောဆိုသွားခဲ့ပါတယ်။ ဟာဇက်အတွက်တော့ ဒီလိုပြောစကားက ဝမ်းနည်းဖွယ်ရာကောင်းနေမှာဆိုပေမယ့် သေချာစဉ်းစားမယ်ဆိုရင်တော့ ခရူးစ်ရဲ့ ပြောဆိုမှုက မှန်ကန်တယ်လို့ ဆိုရမှာဖြစ်ပါတယ်။
ဒီရာသီမှာ ဟာဇက်က လာလီဂါမှာ ၁၀၂ မိနစ်သာကစားပေးထားပြီး ဇန်နဝါရီလတုန်းက သူ့ရဲ့ နောက်ဆုံးပွဲကို ကစားပေးထားရတာဖြစ်ပါတယ်။ လက်ကျန်ရာသီမှာလည်း သူ ဝင်ကစားခွင့်ရဖို့အတွက် အာမခံချက်မရှိဖြစ်နေပါတယ်။