ရီးရဲလ်မက်ဒရစ်နောက်ခံလူသစ် ရူဒီဂါကတော့ အသင်းမှာ ပီပီနဲ့ရာမို့စ်တို့ရဲ့ နေရာကို ဆက်ခံဖို့အတွက် အချိန်ဖြုန်းနေတာမျိုးမရှိပါဘူး။ ပြီးခဲ့တဲ့ အယ်လ်ကလက်စီကိုခြေစမ်းပွဲမှာလည်း ဘာစီလိုနာကစားသမားတွေကို ကွင်းအတွင်းမှာ ထိပ်တိုက်ရင်ဆိုင်ပြီး ပွဲကြမ်းခဲ့တဲ့ ရူဒီဂါက ရီးရဲလ်နာမည်ကျော်နောက်ခံလူတွေဖြစ်တဲ့ ရာမို့စ်နဲ့ ပီပီတို့နေရာကို အမြန်ဆုံးဆက်ခံလိမ့်မယ်လို့ ပရိသတ်တွေက ထင်ကြေးပေးခဲ့ကြပါတယ်။
အဆိုပါပွဲမတိုင်ခင်မှာ အသင်းဖော်အီဒင်ဟာဇက်ကို ရူဒီဂါက ခပ်ကြမ်းကြမ်းဖျက်ထုတ်ခဲ့ပါသေးတယ်။ ဒီဖျက်ထုတ်မှုကြောင့် ဟာဇက်တယောက် ဘာစီလိုနာနဲ့ ခြေစမ်းပွဲကို လွဲချော်မယ်လို့ သတင်းတွေထွက်လာခဲ့ပြီး ကံကောင်းစွာနဲ့ ဝင်ရောက်ကစားနိုင်ခဲ့ပါတယ်။ အခုအခါမှာလည်း ရူဒီဂါတယောက် မိုဒရစ်ကို ထပ်ပြီးတော့ အိမ်ပြန်ပို့လိုက်ပြန်ပါပြီ။
အသင်းလေ့ကျင့်ရေးကွင်းမှာ မိုဒရစ်ဘောလုံးဆွဲပြေးလာနေချိန်မှာ ရူဒီဂါက ရှေ့တည့်တည့်ကနေ ခြေတချက်ပဲလှုပ်ပြီး ဟန့်တားခဲ့ရာမှာ ခရိုအေးရှားသားတယောက် လေပေါ်လွင့်ပြီးနောက် ပစ်ပါလဲခဲ့ပြီး လူးလိမ့်သွားခဲ့ပါတယ်။ ရူဒီဂါကတော့ သူမဟုတ်တဲ့အတိုင်းဘဲ အေးအေးဆေးဆေးရှိနေခဲ့ပြီး ပြန်တောင် ဆွဲမထူပေးခဲ့ဘူးလို့ ယူဆရပါတယ်။
ချယ်လ်ဆီးကနေ ရီးရဲလ်မက်ဒရစ်ကို အလွတ်ပြောင်းရွှေ့လာခဲ့တဲ့ ဂျာမနီနောက်ခံလူကတော့ ရောက်ရောက်ချင်းမှာပဲ ပွဲကြမ်းနေတာဖြစ်ပါတယ်။ အသင်းဖော်တွေ၊ ပြိုင်ဘက်ကစားသမားတွေကို ရူဒီဂါက ခပ်ကြမ်းကြမ်းကစားနေခဲ့ပြီး သူ့ကို ပရိသတ်တွေသတိထားမိလာအောင် လုပ်နေတာများလို့တောင် ထင်မှတ်ရတဲ့အထိပါပဲ။
ဒီပုံစံအတိုင်းဆိုရင်တော့ ရူဒီဂါတယောက် အသင်းဖော်တွေကအစ ထိတ်လန့်နေရမယ့် ကစားသမားတဦးဖြစ်လာဖို့ရှိနေပါတယ်။ ရီးရဲလ်မက်ဒရစ်ပရိသတ်တွေအတွက်တော့ အသင်းရဲ့ ဖိုက်တာနောက်ခံလူတွေဖြစ်တဲ့ ရာမို့စ်နဲ့ ပီပီတို့ မရှိတော့တဲ့နောက်မှာ ဖိုက်တာအသစ်အဖြစ် ရူဒီဂါကို မြင်တွေ့နေရပြီလည်းဖြစ်ပါတယ်။