ချယ်လ်ဆီးအသင်းဟာ အသင်းကနေ အီဒင်ဟာဇက် ထွက်ခွာသွားပါက ပြန်လည်အစားထိုးဖို့အတွက် ဘာစီလိုနာကစားသမား ကော်တင်ဟိုကို ခေါ်ယူဖို့ စောင့်ကြည့်နေတယ်လို့ သိရပါတယ်။
Independent သတင်းဌာနရဲ့ ဖော်ပြချက်အရ ဟာဇက်ဟာ လာမယ့်နွေရာသီမှာ ချယ်လ်ဆီးကနေ ထွက်ခွာပြီး ရီးရဲလ်ကို ပြောင်းရွှေ့တော့မယ်လို့ သတင်းတွေထွက်ပေါ်နေကြောင်း သိရပါတယ်။
ဟာဇက်ကို ချယ်လ်ဆီးက တစ်ပတ်လုပ်ခ ပေါင် (၃)သိန်းအထိ ပေးချေပြီး စာချုပ်သစ်ချုပ်ဆိုဖို့ ပြင်ဆင်နေပေမယ့် လက်ရှိအချိန်ထိ စာချုပ်သစ်မချုပ်ရသေးတာဖြစ်ပါတယ်။ ရီးရဲလ်ကလည်း ဟာဇက်အတွက် ပေါင်သန်း (၁၀၀) ပေးချေပြီး ခေါ်ယူဖို့ အသင့်ရှိနေပြီး ကစားသမားရဲ့ ဆန္ဒအပေါ်မှာ မူတည်နေခဲ့တာလည်း ဖြစ်ပါတယ်။ ဟာဇက် နဲ့ ချယ်လ်ဆီးတို့ကြားမှာ စာချုပ်သက်တမ်းကလည်း (၁)နှစ်သာ ကျန်ရှိတော့တာ ဖြစ်ပါတယ်။
လာမယ့်ရာသီအတွက် ချယ်လ်ဆီးက ဒေါ့မွန်အသင်းက ပူလီဆစ်ကို ခေါ်ယူထားပြီးဖြစ်ပေမယ့် ဘာစီလိုနာမှာ ခြေစွမ်းပြနိုင်ဖို့ ရုန်းကန်နေရတဲ့ ကော်တင်ဟိုကို ပရီးမီးယားလိဂ်ဆီ ပြန်လည်ခေါ်ယူဖို့လည်း စောင့်ကြည့်နေတာဖြစ်ပါတယ်။ ကော်တင်ဟိုဟာ လီဗာပူးလ်ကနေ ဘာစီလိုနာကို ပေါင် (၁၀၅)သန်းနဲ့ ပြောင်းရွှေ့သွားခဲ့သူ ဖြစ်ပြီး ဒီရာသီမှာ ခြေစွမ်းမပြနိုင်ပဲ ရှိနေပါတယ်။
ကော်တင်ဟိုကို ခေါ်ယူဖို့ အသင်းဟောင်း လီဗာပူးလ်က စိတ်မဝင်စားပဲ ချယ်လ်ဆီးက စိတ်ဝင်စားနေခဲ့တာဖြစ်ပြီး ဘာစီလိုနာကတော့ ကော်တင်ဟိုကို ရောင်းချသွားမှာမဟုတ်ဘူးလို့ ပြောဆိုခဲ့ပါတယ်။ ဒါကြောင့် ချယ်လ်ဆီးအနေနဲ့ ကော်တင်ဟိုကို ရရှိဖို့တော့ ခက်ခက်ခဲခဲကြိုးစားရဖွယ်လည်း ရှိနေပါတယ်။
"ကော်တင်ဟိုကို ပြန်ရောင်းဖို့အတွက်လား၊ မရောင်းပါဘူး၊ သူက မတူညီတဲ့နေရာတွေမှာ ကစားနိုင်သူဖြစ်ပြီး သူကအသင်းအတွက် အရေးပါတဲ့ ကစားသမားပါ၊ ကော်တင်ဟိုကို ကျွန်တော်တို့ ပြန်ရောင်းချသွားမှာမဟုတ်ပါဘူး" လို့ ဘာစီလိုနာဥက္ကဌ ဘာတိုမြူက ဒီတစ်ပတ်အတွင်းကပဲ ပြောကြားခဲ့ပါတယ်။