ရီးရဲလ်မက်ဒရစ်မှာ ခြေစွမ်းပြနိုင်ဖို့ ရုန်းကန်နေရတဲ့ ဘယ်လ်ဂျီယံကြယ်ပွင့်က သူ့တန်ဖိုးအစစ်အမှန်ကို ပြသနိုင်လိမ့်မယ်လို့လည်း မာတာက ထပ်မံပြောဆိုခဲ့ပါသေးတယ်။
ချယ်လ်ဆီးအသင်းဖော်ဟောင်းအီဒင်ဟာဇက်က ပရီးမီးယားလိဂ်ရဲ့အကောင်းဆုံးကစားသမားဖြစ်တယ်လို့ မန်ချက်စတာယူနိုက်တက်အသင်းကွင်းလယ်လူဟွမ်မာတာက ပြောဆိုလိုက်ပါတယ်။ ရီးရဲလ်မက်ဒရစ်မှာ ခြေစွမ်းပြနိုင်ဖို့ ရုန်းကန်နေရတဲ့ ဘယ်လ်ဂျီယံကြယ်ပွင့်က သူ့တန်ဖိုးအစစ်အမှန်ကို ပြသနိုင်လိမ့်မယ်လို့လည်း မာတာက ထပ်မံပြောဆိုခဲ့ပါသေးတယ်။
ဟာဇက်ကတော့ ချယ်လ်ဆီးမှာ ၇ ရာသီကြာ ကစားခဲ့ပြီး မာတာနဲ့ ၂ရာသီကြာ တွဲဖက်ကစားခဲ့သူဖြစ်ပါတယ်။ မာတာက ယူနိုက်တက်ကို ပြောင်းရွှေ့သွားခဲ့သလို ဟာဇက်ကလည်း ပြီးခဲ့တဲ့နွေရာသီမှာ ရီးရဲလ်ကို ပြောင်းရွှေ့ခဲ့ပေမယ့် လာလီဂါနဲ့ ချန်ပီယံလိဂ် ၁၅ပွဲကစားပြီးချိန်မှာ တစ်ဂိုးသာသွင်းယူနိုင်ခဲ့ပြီး ခြေစွမ်းမပြနိုင်ဘဲ ရှိနေခဲ့ပါတယ်။
"ကျွန်တော်ဆိုလိုချင်တဲ့ ပရီးမီးယားလိဂ်အကောင်းဆုံးကစားသမားဆိုတာ ကျွန်တော်နဲ့ တွဲကစားဖူးတဲ့၊ ရင်ဆိုင်ဖူးတဲ့ ကစားသမားတွေထဲကပါ၊ အဲဒီသူက ဟာဇက်ပါပဲ၊ ကျွန်တော့်အတွက်တော့ သူက လိဂ်ရဲ့အကောင်းဆုံးကစားသမားအဖြစ် နှစ်များစွာရှိနေခဲ့ပါတယ်၊ သူနဲ့အတူ လေ့ကျင့်မှုတွေပြုလုပ်ခဲ့ပြီး သူ ဘယ်လောက်ကောင်းမွန်လဲဆိုတာ ကျွန်တော်သိပါတယ်"
"ရီးရဲလ်မှာတော့ ဒဏ်ရာတချို့နဲ့အတူ သူ ကံမကောင်းခဲ့ပါဘူး၊ ဒါပေမယ့် ဒဏ်ရာပြသနာတွေမရှိတော့ဘဲ ကြံ့ခို်င်မှုပြည့်ဝတဲ့အချိန်မှာ သူ့ရဲ့အရည်အသွေးအမှန်ကို ပြသနိုင်လိမ့်မယ်လို့ ကျွန်တော်ယုံကြည်ပြီးသားပါ၊ နောက်ထပ်ရွေးချယ်စရာကစားသမားတွေလည်း အများကြီးပါ၊ သမိုင်းကြောင်းကို ပြန်ပြောနိုင်သလို လမ်းပတ်၊ တယ်ရီ၊ ဒရော့ဘာတို့ကလည်း ရွေးချယ်ရခက်စေတဲ့သူတွေပါ" လို့ မာတာက ယူနိုက်တက်ဝက်ဘ်ဆိုက်ကတဆင့် ပြောဆိုသွားခဲ့ပါတယ်။
မာတာက ယူနိုက်တက်မှာ ဒီဂီယာက သူ့အတွက်အကောင်းဆုံးသူငယ်ချင်းလို့ ပြောဆိုခဲ့ပြီး ပီအက်စ်ဂျီကို ပြောင်းရွှေ့သွားခဲ့တဲ့ စပိန်ကွင်းလယ်လူဟာရဲရားကိုလည်း သတိရမိတယ်လို့ ဝန်ခံခဲ့ပါသေးတယ်။ ဒါ့အပြင် စမောလင်း၊ ဖီးလ်ဂျုံးစ်တို့ကလည်း ခင်မင်ဖွယ်ရာကောင်းသူတွေဖြစ်တယ်လို့ ပြောသွားခဲ့ပါတယ်။