အလုပ်အကြိုးစားဆုံးက ဖရန့်လမ်းပတ်လို့ ပြောခဲ့တာပါ။

ချယ်ဆီးကြယ်ပွင့် အီဒင်ဟာဇက်ကို ချယ်ဆီးအသင်းဖော်ဟောင်း ဂျွန်အိုဘီမီခေးက တွဲကစားဖူးသမျှ ကစားသသမားတွေထဲမှာ အပျင်းအကြီးဆုံးကစားသမားလို့ ပြောကြားခဲ့ပေမယ့် ဟာဇက်ဟာ မယုံကြည်နိုင်ဖွယ်ပါရမီရှိသူလို့ ချီးကျူးခဲ့ကြောင်း Sky Sports ရဲ့ဖော်ပြချက်အရ သိရပါတယ်။

အိုဘီမီခေးဟာ ချယ်ဆီးအသင်းအတွက် ၁၁ နှစ်ကြာ ကစားပေးခဲ့ပြီးနောက် လက်ရှိအချိန်မှာတော့ တူရကီလိဂ်မှာ ကစားနေသူဖြစ်ပြီး ရီးရဲမက်ဒရစ်ကြယ််ပွင့်ရဲ့ အလုပ်အပေါ်ထားတဲ့ ကျင့်ဝတ်ကို ချီးကျူးခဲ့ပေမယ့် လက်ရှိချယ်ဆီးနည်းပြ ဖရန့်လမ်းပတ်ဟာ အလုပ်အကြိုးစားဆုံးလို့ ပြောကြားခဲ့ပါတယ်။

အီဒင်ဟာဇက်ရဲ့ လာလီဂါ ကစားသမားဘဝအစဟာ စီစဉ်ထားတဲ့အတိုင်းမဖြစ်ခဲ့ဘဲ ဒဏ်ရာပြဿနာက ၎င်းရဲ့ ခြေစွမ်းတိုးတက်မှုကို အဟန့်အတားဖြစ်စေခဲ့တာဖြစ်ပါတယ်။ အာဆင်နယ်နည်းပြဟောင်း အာစင်ဝင်းဂါးက ဟာဇက်ရဲ့ကြံ့ခိုင်မှုကို ယခုလအစောပိုင်းက မေးခွန်းထုတ်ခဲ့ပြီး ချယ်ဆီးအသင်းဖော်ဟောင်း မီခေးက ဟာဇက်ရဲ့နည်းလမ်းကို နောက်ဆုံးမေးခွန်းထုတ်ခဲ့သူဖြစ်လာတာဖြစ်ပါတယ်။

“ကျွန်တော်နဲ့အတူ တွဲကစားခဲ့ဖူးသမျှ ကစားသမားတွေထဲမှာ အပျင်းအကြီးဆုံးက အီဒင်ဟာဇက်ပါ”

“ဟာဇက်မှာ မယုံကြည်နိုင်ဖွယ်ပါရမီရှိပါတယ်။ လီယွန်နယ်မက်ဆီလောက်တော့ မကောင်းတာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါပေမယ့် သူ့ခြေထောက်ထဲမှာ ဘောလုံးရှိနေချိန်မှာတော့ သူ လုပ်တာချင်မှန်သမျှ လုပ်နိုင်ပါတယ်”

“သူက ပြင်းပြင်းထန်ထန်လေ့ကျင့်ရတာမျိုး မနှစ်သက်ပါဘူး။ ကျွန်တော်တို့ လေ့ကျင့်နေတဲ့အချိန်မှာ သူက တနေရာမှာ ရပ်ပြီး ကျွန်တော်တို့ လေ့ကျင့်တာပြီးမယ့်အချိန်ကို စောင့်ဆိုင်းနေခဲ့ပါတယ်။ ဒါပေမယ့် တနင်္ဂနွေနေ့မှာတော့ သူက အမြဲတမ်း ပွဲစဉ်တလျှောက် အကောင်းဆုံးကစားသမားဖြစ်နေခဲ့ပြီး အဲဒါက မယုံကြည်နိုင်စရာပါပဲ”

“ကျွန်တော်နဲ့ တွဲကစားဖူးသမျှ ကစားသမားတွေထဲမှာ ပြင်းပြင်းထန်ထန် အကြိုးစားဆုံးကတော့ ဖရန့်လမ်းပတ်ပါ”လို့ မဆိုင်းမတွဘဲ မီခေးက ပြောကြားသွားခဲ့ပါတယ်။

Share

က္က