ဟောင်ကောင် ဥပဒေပြုလွှတ်တော်အတွင်း ပြိုင်ဘက်အမတ်များ ခိုက်ရန်ဖြစ်ပွားပြီး လုံးထွေးသတ်ပုတ်ခဲ့ကြတယ်လို့ ဆိုပါတယ်။
(Photo: RTHK/FACEBOOK)
အဓိကကျတဲ့ ကော်မတီဥက္ကဌရွေးချယ်မှုနဲ့ ပတ်သက်ပြီး လွှတ်တော်မှာ ယနေ့ (မေ ၈ ရက်) အချေအတင်ဖြစ်ကြရာမှ ပြိုင်ဘက်အမတ်များ လုံးထွေးသတ်ပုတ်ကြတဲ့အထိ ဖြစ်ပွားခဲ့ကြပါတယ်။ ယခုဖြစ်ရပ်က COVID-19 ကပ်ရောဂါကြောင့် ရုန်းကန်နေရတဲ့ ဟောင်ကောင်မှာ နိုင်ငံရေးတင်းမာမှု ပိုမိုမြင့်တက်လာတဲ့ လက္ခဏာတစ်ရပ်လည်း ဖြစ်ပါတယ်။ ဟောင်ကောင် ဥပဒေပြုလွှတ်တော် အစည်းအဝေးအတွင်း အမတ်တွေက တစ်ဦးကိုတစ်ဦး အော်ဟစ်တွန်းထိုးခဲ့ကြပါတယ်။
(Photo: Reuters)
တရုတ်ကိုထောက်ခံတဲ့ လွှတ်တော်အမတ်တွေနဲ့ ဒီမိုကရေစီလိုလားတဲ့ အမတ်များ လုံးထွေးသတ်ပုတ်ကာ ရန်ပွဲဖြစ်ခဲ့ကြပါတယ်။ လွှတ်တော်အစည်းအဝေးမှာ သဘာပတိအဖြစ် ဆောင်ရွက်ရန်ကြိုးပမ်းခဲ့တဲ့ တရုတ်ကိုထောက်ခံသူ အမတ်တစ်ဦးကို အပြင်ထုတ်ရန် လုပ်ဆောင်ခဲ့တဲ့ လုံခြုံရေးတွေနဲ့ ထိပ်တိုက်တွေ့ခဲ့ကြပါတယ်။ ထိုလွှတ်တော်အမတ်ရဲ့ လုပ်ရပ်က လုပ်ထုံးလုပ်နည်းနဲ့ မကိုက်ညီကြောင်း ဒီမိုကရက်တစ်အမတ်တွေက ပြောခဲ့ကြပါတယ်။
(Photo: Reuters)
ဆိုရှယ်မီဒီယာမှာ ပျံ့နှံ့လာတဲ့ ဗီဒီယိုတွေအရ လွှတ်တော်အမတ်တစ်ဦးက နံရံတစ်ခုပေါ်ကို တွယ်တက်နေခဲ့ပြီးနောက် ၎င်းကို လုံခြုံရေးတွေက ဆွဲချခဲ့ကြတာ တွေ့ရကြောင်း Reuters သတင်းက ဖော်ပြပါတယ်။ ထိုအတောအတွင်း အခြား အမတ်တစ်ဦးဟာ ကြမ်းပြင်ပေါ်သို့ ဆွဲချခံခဲ့ရပါတယ်။ ယခုဖြစ်ရပ်နဲ့ပတ်သက်ပြီး ဒီမိုကရေစီလိုလားတဲ့ အမတ်တွေက အဆိုပြုထားတဲ့ ဥပဒေမူကြမ်းတွေကို အတည်ပြုရန် နောက်ဆုံး မဲခွဲမှုအား ကြိုတင်ကြံရွယ်ကာ ဥပဒေမပြဌာန်းနိုင်ရေး ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်မှုအဖြစ် တရုတ်အစိုးရဘက်က ပြောခဲ့ပါတယ်။
.