ဟောင်ကောင်ဟာ တရုတ်ထံမှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နယ်မြေ မဟုတ်တော့ကြောင်းနဲ့ အမေရိကန်ဥပဒေအရ ဟောင်ကောင်အတွက် အထူးအခွင့်အရေး ရရှိတော့မှာ မဟုတ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်မ်ပီအိုက ကွန်ဂရက်လွှတ်တော်ကို တရားဝင် ကြေညာပြောကြားလိုက်ပါတယ်။
ဟောင်ကောင်ဟာ တရုတ်ထံမှ အထူးကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို ထိန်းသိမ်းထားကြောင်း ဒီနေ့ ဘယ်သူမှ အခိုင်အမာ မပြောနိုင်ပါဘူး
(အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်မ်ပီအို) (Photo: AP)
မေ ၂၇ ရက်နေ့က အမေရိကန်နိုင်ငံခြားရေးဝန်ကြီးရဲ့ အဆိုပါ တရားဝင် ကြေညာချက်က အမေရိကန်-ဟောင်ကောင် ကုန်သွယ်ရေးအတွက် ဂယက်ရိုက်မှုများ ရှိလာနိုင်ပါတယ်။ လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေအရ ဟောင်ကောင်ဟာ တရုတ်ထံမှ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နယ်မြေဖြစ်ကြောင်း အခိုင်အမာ မပြောနိုင်တော့ဘူးလို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက ဆိုပါတယ်။
"မြေပြင်အခြေအနေ အချက်အလက်တွေအရ ဟောင်ကောင်ဟာ တရုတ်ထံမှ အထူးကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို ထိန်းသိမ်းထားကြောင်း ဒီနေ့ ဘယ်သူမှ အခိုင်အမာ မပြောနိုင်ပါဘူး" လို့ မိုက်ပွန်မ်ပီအိုက ထုတ်ပြန်ချက်မှာ ပြောခဲ့ပါတယ်။ တရုတ်အစိုးရက ဟောင်ကောင်မှာ အငြင်းပွားဖွယ် လုံခြုံရေးဥပဒေသစ် အတည်ပြု ပြဌာန်းခြင်းမပြုမီ အမေရိကန်အစိုးရက ယခုကဲ့သို့ ကြေညာလိုက်တာလည်း ဖြစ်ပါတယ်။
တရုတ်က ဟောင်ကောင်ကို ပုံသွင်းနေတယ်ဆိုတာ ရှင်းပါတယ်
တရုတ်အစိုးရ လုံခြုံရေးဥပဒေသစ်ဟာ ဟောင်ကောင်ရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်နဲ့ လွတ်လပ်မှုကို လျော့ပါးစေတဲ့ ဆက်တိုက်လုပ်ဆောင်မှုများအနက် နောက်ဆုံးတစ်ခု ဖြစ်တယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက ဆိုပါတယ်။ "တရုတ်က ဟောင်ကောင်ကို ပုံသွင်းနေတယ်ဆိုတာ အခု ရှင်းပါတယ်" လို့ ၎င်းက ဖြည့်စွက်ပြောခဲ့ပါတယ်။
အမေရိကန်အစိုးရက ဟောင်ကောင်ကို တရုတ်ထံမှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နယ်မြေအဖြစ် သတ်မှတ်ထားခဲ့ပြီး အမေရိကန်ဥပဒေအရ ဟောင်ကောင်အတွက် ကုန်သွယ်မှုဆိုင်ရာ အထူးအခွင့်အရေးများ ပေးထားခဲ့ကြောင်း သိရပါတယ်။ ဗြိတိန်က ဟောင်ကောင်ကို တရုတ်ထံသို့ လွှဲပြောင်းပေးခဲ့ချိန်မှစပြီး ထိုသို့ အထူးအခွင့်အရေး ပေးထားခဲ့တာလည်း ဖြစ်ပါတယ်။
သို့သော် ယမန်နှစ်မှစပြီး ကုန်သွယ်ရေးဆိုင်ရာ အထူးအခွင့်အရေးပေးမှုဟာ ဟောင်ကောင်အနေနဲ့ တရုတ်ထံမှာ လုံလောက်တဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိခြင်းရှိ မရှိ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးရဲ့ ပုံမှန် သုံးသပ်အတည်ပြုမှုအပေါ် မူတည်ဆုံးဖြတ်တဲ့ အခြေအနေဖြစ်သွားခဲ့ပါတယ်။
ထိုအခြေအနေအရ နိုင်ငံခြားရေးဝန်ကြီးက ဟောင်ကောင်ရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိမှုကို အတည်မပြုနိုင်ပါက အမေရိကန် ကွန်ဂရက်လွှတ်တော်က ဟောင်ကောင်ကို ပေးထားခဲ့တဲ့ ကုန်သွယ်ရေးဆိုင်ရာ အထူးအခွင့်အရေးကို ရုပ်သိမ်းနိုင်ကြောင်း သိရပါတယ်။ ထိုသို့ ရုပ်သိမ်းလိုက်ပါက ဟောင်ကောင်ဟာ ကုန်သွယ်ရေးနဲ့ အခြားကိစ္စရပ်တွေအတွက် အမေရိကန်နဲ့ ဆက်ဆံရာမှာ တရုတ်ပြည်မကြီးနည်းတူ ဖြစ်လာမယ်လို့ ဆိုပါတယ်။
(Photo: Miguel Candela/EPA)
အထူးအခွင့်အရေး ရုပ်သိမ်းလိုက်ခြင်းက ဟောင်ကောင်နဲ့ အမေရိကန်တို့ကြား ဒေါ်လာဘီလီယံနဲ့ချီတဲ့ ကုန်သွယ်ရေးကို ထိခိုက်စေမှာဖြစ်ပြီး အနာဂတ်မှာ ဟောင်ကောင်မှာ ရင်းနှီးမြှုပ်နှံသူတွေကို တားမြစ်နိုင်ပါတယ်။ ထိုသို့ဖြစ်လာပါက ဟောင်ကောင်ကို ကြားခံထားပြီး ကမ္ဘာ့နိုင်ငံတွေနဲ့ လုပ်ငန်းများဆောင်ရွက်နေတဲ့ တရုတ်ပြည်မကြီးကိုလည်း ထိခိုက်စေမယ်လို့ ဆိုပါတယ်။
တရုတ်ပြည်မကြီးမှ ကုမ္ပဏီနဲ့ နိုင်ငံပေါင်းစုံမှ စီးပွားရေးလုပ်ငန်းတွေက ဟောင်ကောင်ကို နိုင်ငံတကာနဲ့ ဒေသတွင်း အခြေစိုက်နေရာအဖြစ် အသုံးပြုကြတာလည်း ဖြစ်နေပါတယ်။ လတ်တလော သီတင်းပတ်အတွင်းမှာတော့ တရုတ်နိုင်ငံတော်သီချင်းကို မထီမဲ့မြင်ပြုမှုကို ရာဇဝတ်ပြစ်မှုအဖြစ် သတ်မှတ်မယ့်ဥပဒေမူကြမ်းနဲ့ လုံခြုံရေးဥပဒေမူကြမ်းတို့ကို အတည်ပြုရန် စီစဥ်လာခဲ့ရာ ဟောင်ကောင်မှာ ကန့်ကွက်ဆန္ဒပြမှုတွေ ပေါ်ပေါက်လာပြီး နိုင်ငံရေးတင်းမာမှုတွေ မြင့်တက်နေပါတယ်။
ဟောင်ကောင်ဟာ ကုန်သွယ်ရေးနဲ့ အခြားကိစ္စရပ်တွေအတွက် အမေရိကန်နဲ့ ဆက်ဆံရာမှာ တရုတ်ပြည်မကြီးနည်းတူ ဖြစ်လာမှာပါ
မေ ၂၇ ရက်နေ့ကလည်း ဟောင်ကောင်မှာ တရုတ်ဆန့်ကျင်ရေး ဆန္ဒပြမှုတွေ ပေါ်ပေါက်ခဲ့ပြီး အဓိကရုဏ်းနှိမ်နင်းရေး ရဲတပ်ဖွဲ့နဲ့ ထိပ်တိုက်တွေ့မှုများဖြစ်ကာ လူ ၃၀၀ ကျော် ဖမ်းဆီးခံခဲ့ရပါတယ်။ လူဦးရေ ၇.၃ သန်းကျော်ရှိတဲ့ ဟောင်ကောင်ကို ၁၉၉၇ ခုနှစ် ဇူလိုင် ၁ ရက်နေ့မှာ ဗြိတိန်နိုင်ငံက တရုတ်နိုင်ငံသို့ ပြန်လည် လွှဲပြောင်းပေးခဲ့ပြီးနောက် 'တစ်နိုင်ငံ စနစ်နှစ်မျိုး' မူဝါဒဖြင့် ဟောင်ကောင်ကို အုပ်ချုပ်နေပါတယ်။ ဗြိတိန်နိုင်ငံ ပြန်လည် လွှဲပြောင်းပေးခဲ့ပြီးနောက် ဟောင်ကောင်ဟာ တရုတ်နိုင်ငံရဲ့ အထူးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နယ်မြေအဖြစ် ရပ်တည်နေခဲ့တာ ဖြစ်ပါတယ်။
Source: AFP, BBC, SCMP, Telegraph
Share