ဟောင်ကောင်လွှတ်တော်မှာ ၁၀ ရက်အတွင်း ပြိုင်ဘက်အမတ်များ နောက်တစ်ကြိမ် ခိုက်ရန်ဖြစ်ပွားပြီး လုံးထွေးသတ်ပုတ်ကြပြန်ကြောင်း သိရပါတယ်။
(Photo: EPA)
ယနေ့ (မေ ၁၈ ရက်) လွှတ်တော်အစည်းအဝေးမှာ တရုတ်နိုင်ငံတော်သီချင်းကို မလေးမစားလုပ်ခြင်းအား ရာဇဝတ်ပြစ်မှုအဖြစ် သတ်မှတ်ရန် ဥပဒေမူကြမ်းကို ဆွေးနွေးစဥ်အတွင်း ပြိုင်ဘက်အမတ်များ ရန်ပွဲဖြစ်ပွားခဲ့ကြတာ ဖြစ်ပါတယ်။ တရုတ်ကိုထောက်ခံတဲ့ ပြိုင်ဘက်အမတ် Chan Kin-Por ကို အဓိကကျတဲ့ ဥပဒေမူကြမ်းစိစစ်ရေး ကော်မတီဥက္ကဌအဖြစ် ရွေးချယ်ခဲ့မှုအပေါ် ဒီမိုကရေစီ လိုလားတဲ့အမတ်တွေက မကျေနပ်ကြပါဘူး။
ထိုကော်မတီက တရုတ်နိုင်ငံတော်သီချင်းကို မလေးမစားလုပ်ခြင်းအား ရာဇဝတ်ပြစ်မှုအဖြစ် သတ်မှတ်ရန် ဥပဒေမူကြမ်းနဲ့ ပတ်သက်ပြီး ဆွေးနွေးမှုလုပ်ငန်းစဥ်အပေါ် သက်ရောက်မှုရှိတယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ မေ ၈ ရက်နေ့ကလည်း ဟောင်ကောင်လွှတ်တော်မှာ ပြိုင်ဘက်အမတ်များ အငြင်းအခုံဖြစ်ရာမှ လုံးထွေးသတ်ပုတ်ကြတဲ့အထိ ရန်ပွဲဖြစ်ပွားခဲ့ပါသေးတယ်။
(Photo: EPA)
ယနေ့လွှတ်တော်အစည်းအဝေးမှာ တရုတ်ကိုထောက်ခံ အမတ်ဖြစ်သူ ကော်မတီဥက္ကဌ Chan Kin-Por က သဘာပတိအဖြစ် ဆောင်ရွက်ခဲ့ရာ ထိုဥပဒေမူကြမ်းကို ဆွေးနွေးမှုအတွင်း ပြိုင်ဘက်အမတ်များ ရန်ပွဲဖြစ်ပွားခဲ့ကြတာ ဖြစ်ပါတယ်။ "တစ်ကယ်လို့ ဟောင်ကောင်က ဒီမိုကရေစီဆိုရင် ကျွန်တော်တို့ ဒီလို လုံးထွေးသတ်ပုတ်စရာ မလိုပါဘူး" လို့ ရန်ပွဲမှာ ပါဝင်ခဲ့တဲ့ လွှတ်တော်အမတ် Eddie Chu က ပြောပါတယ်။
"ကံမကောင်းစွာပဲ ကျွန်တော်တို့ ဒီအခြေအနေကို မဖြစ်မနေ ရောက်ခဲ့ကြတယ်၊ လွှတ်တော်ထဲမှာနဲ့ အပြင်ဘက်မှာ နောက်ထပ် ရန်ပွဲတွေကို ကျွန်တော် ကြိုမြင်နိုင်တယ်" လို့ ၎င်းက ဖြည့်စွက်ပြောခဲ့ပါတယ်။ လွှတ်တော်အစည်းအဝေးမှာ သဘာပတိ Chan Kin-Por ထိုင်ခုံနေရာကို လုံခြုံရေးတွေက ဝိုင်းရံစောင့်ကြပ်ထားခဲ့ရပါတယ်။
(Photo: BBC)
ဒီမိုကရေစီလိုလားတဲ့ အမတ်တွေက Chan Kin-Por ထိုင်ခုံနေရာကို လာရောက်ကြရန် ကြိုးပမ်းခဲ့ကြရာ လုံခြုံရေးတွေက တားမြစ်ခဲ့ကြပြီး ထိပ်တိုက်တွေ့ခဲ့ကြပါတယ်။ လုံခြုံရေးတွေက ဒီမိုကရေစီလိုလားတဲ့ အမတ်အချို့ကို လွှတ်တော်ခန်းမအပြင်ဘက်သို့ ဆွဲထုတ်သွားခဲ့ကြကြောင်း သိရပါတယ်။ ဟောင်ကောင်လွှတ်တော်မှာ ဆွေးနွေးနေတဲ့ တရုတ်နိုင်ငံတော်သီချင်းကို မလေးမစားလုပ်ခြင်းအား ရာဇဝတ်ပြစ်မှုအဖြစ် သတ်မှတ်ရန် ဥပဒေမူကြမ်း တတ်နိုင်သမျှ အမြန်ဆုံး အတည်ပြုနိုင်ရန် တရုတ်အစိုးရက လိုလားနေတယ်လို့လည်း ဆိုပါတယ်။
Source: Reuters, The Telegraph