ဟောင်ကောင် အဝေးပြေးလမ်းမမှာ နှစ်ထပ်ဘတ်စ်ကားတစ်စီး မတော်တဆမှု ဖြစ်ပွားခဲ့ပြီး လူခြောက်ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။
(Photo: Hong Kong Police/Facebook)
ယနေ့ (ဒီဇင်ဘာ ၁၈ ရက်) ဒေသစံတော်ချိန် မွန်းလွဲ ၄ နာရီ ၂၀ မိနစ်ဝန်းကျင်က Kwu Tung ဒေသအနီး Fanlign အဝေးပြေးလမ်းမမှာ နှစ်ထပ်ဘတ်စ်ကားက သစ်ပင်တစ်ပင်ကို ဝင်တိုက်မိခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ အဆိုပါ ဘတ်စ်ကားမတော်တဆမှုကြောင့် လူ ၄၀ ဦးထက်မနည်း ဒဏ်ရာရခဲ့ပြီး အနည်းဆုံးတစ်ဦးဟာ ဒဏ်ရာပြင်းထန်ကြောင်းလည်း သိရပါတယ်။ KMB 978 နှစ်ထပ်ဘတ်စ်ကား မတော်တဆမှု ဖြစ်ပွားပြီးနောက် အပေါ်ထပ်ဟာ ပွင့်ထွက်ပျက်စီးခဲ့ကာ ခရီးသည်များ ပိတ်မိနေခဲ့တယ်လို့ ဟောင်ကောင်ရေဒီယိုသတင်းဌာန RTHK က ပြောပါတယ်။
(Photo: Hong Kong Police/Facebook)
မီးသတ်တပ်ဖွဲ့ဝင်တွေက ဘတ်စ်ကားအပေါ်ထပ်မှာ ပိတ်မိနေသူတွေကို လှေခါးများသုံးပြီး တက်ရောက်ကယ်တင်ခဲ့ကြပါတယ်။ ဘတ်စ်ကားမတော်တဆမှု ဖြစ်ပွားခဲ့ပြီးနောက် လမ်းအချို့ကို ပိတ်ထားခဲ့ကြောင်း သိရပါတယ်။ ယခု မတော်တဆမှု ဖြစ်ပွားရတဲ့အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။ ဟောင်ကောင်ဟာ သယ်ယူပို့ဆောင်ရေးစနစ်အကောင်းဆုံး ကမ္ဘာ့နေရာတစ်ခုအဖြစ် ဂုဏ်ယူလေ့ရှိပေမဲ့ ယာဥ်မတော်တဆမှု ဖြစ်ပွားတာတွေလည်း ရှိခဲ့ပါတယ်။
(Photo: Hong Kong Police/Facebook)
ယမန်နှစ် ဖေဖေါ်ဝါရီလအတွင်း နှစ်ထပ်ဘတ်စ်ကားတစ်စီး တိမ်းမှောက်ခဲ့မှုကြောင့် လူ ၁၉ ဦး သေဆုံးကာ လူ ၆၀ ကျော် ဒဏ်ရာရခဲ့ပါတယ်။ ထိုဖြစ်ရပ်အတွက် ဘတ်စ်ကားမောင်းသူကို မဆင်မခြင် မောင်းနှင်မှုဖြင့် ဖမ်းဆီးခဲ့ပါတယ်။ ယခုနှစ် မတ်လအတွင်းကလည်း West Kowloon အဝေးပြေးလမ်းမှာ နှစ်ထပ်ဘတ်စ်ကားတစ်စီးက ထရပ်ကားတစ်စီးကို ဝင်တိုက်ခဲ့မှုအတွင်း ခရီးသည် ၁၅ ဦး ဒဏ်ရာရခဲ့ပြီး ယာဥ်မောင်းနှစ်ဦးလုံး သေဆုံးခဲ့ကြောင်း သိရပါတယ်။