ဟောင်ကောင်နဲ့ပတ်သက်ပြီး တရုတ်အစိုးရက အငြင်းပွားဖွယ် လုံခြုံရေးဥပဒေသစ် ပြဌာန်းရန်ပြင်ဆင်နေမှုကို ကန့်ကွက်ဆန္ဒပြတဲ့ ဟောင်ကောင်ဆန္ဒပြသူတွေနဲ့ရဲတပ်ဖွဲ့ ထိပ်တိုက်တွေ့ခဲ့ကြပါတယ်။
(Photo: AFP)
ဟောင်ကောင်မှာ တရုတ်အစိုးရဲ့ လုံခြုံရေးဥပဒေသစ်ကို ယနေ့ (မေ ၂၄ ရက်) ဆန္ဒပြမှုတွေ ပေါ်ပေါက်ခဲ့ပြီး ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးများ၊ ငရုပ်ကောင်းစပရေးနဲ့ ရေအမြောက်များ အသုံးပြုပြီး ဆန္ဒပြသူတွေကို ဖြိုခွင်းခဲ့ကြောင်း သိရပါတယ်။ ဆန္ဒပြသူတွေက ဟောင်ကောင်မြို့လယ်ပိုင်း အသွားအလာ စည်ကားများပြားတဲ့ Causeway Bay နဲ့ Wan Chai နေရာတွေမှာ စုရုံးခဲ့ကြပြီး အစိုးရဆန့်ကျင်ရေး ကြွေးကြော်သံများ သံပြိုင်ကြွေးကြော်ပြီး စာတန်းများ ဝှေ့ယမ်းကာ ချီတက်ဆန္ဒပြခဲ့ကြပါတယ်။ ဟောင်ကောင်မြို့လယ်မှာ ထောင်နဲ့ချီတဲ့ ဆန္ဒပြသူတွေ စုရုံးချီတက် ဆန္ဒပြခဲ့ကြတာဖြစ်ပြီး ရဲတပ်ဖွဲ့ လူ ၁၂၀ ကို ဖမ်းဆီးခဲ့တယ်လို့ ပြောပါတယ်။
(Photo: AFP)
ဟောင်ကောင်မှာ ယမန်နှစ်က ဒီမိုကရေစီထောက်ခံဆန္ဒပြမှုများ ပေါ်ပေါက်ခဲ့ပြီးနောက် လူ ၈,၄၀၀ ကျော် ဖမ်းဆီးခံခဲ့ရကြောင်းလည်း သိရပါတယ်။ ယခု ဆန္ဒပြပွဲမတိုင်မီ အစောပိုင်းမှာ ကမ္ဘာတစ်ဝှမ်းမှ ဝါရင့်နိုင်ငံရေးသမား ၂၀၀ ကလည်း တရုတ်ရဲ့ လုံခြုံရေးဥပဒေ အစီအစဥ်ကို ဝေဖန်ထားတဲ့ ပူးတွဲထုတ်ပြန်ချက်တစ်ရပ် ထုတ်ပြန်ခဲ့တယ်လို့ ဆိုပါတယ်။ သို့သော် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီကတော့ လုံခြုံရေးဥပဒေသစ်ကို အနည်းငယ်မျှ နှောင့်နှေးမှုမရှိဘဲ အတည်ပြု ပြဌာန်းသင့်ကြောင်း ပြောခဲ့ပါတယ်။
အာဏာရ ကွန်မြူနစ်ပါတီက တရုတ်ပိုင်နက်အတွင်း နိုင်ငံတော်သစ္စာဖောက်မှု၊ ခွဲထွက်မှု၊ နိုင်ငံတော်ကို အကြည်ညိုပျက်စေမှုနဲ့ အဖျက်အမှောင့်လုပ်ငန်းများ လုပ်ဆောင်မှုတို့ကို တားမြစ်ပိတ်ပင်ထားတဲ့ လုံခြုံရေးဥပဒေတစ်ရပ်ကို ပြဌာန်းနိုင်ရန် ကြိုးပမ်းနေပြီး ယခု သီတင်းပတ်အတွင်း ပြည်သူ့ကွန်ဂရက်အစည်းအဝေးမှာ အဆိုပြုလာခဲ့တာ ဖြစ်ပါတယ်။ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေကတော့ ယခုဥပဒေဟာ ဟောင်ကောင်ရဲ့ လွတ်လပ်ခွင့်ကို ကန့်သတ်ခြင်းဖြစ်ပြီး တရုတ်အစိုးရရဲ့ပြိုင်ဘက်တွေကို နှုတ်ဆိတ်ငြိမ်သက်စေရန် လုပ်ဆောင်မှုတစ်ခုအဖြစ် စိုးရိမ်နေကြပါတယ်။
(Photo: Reuters)
ဟောင်ကောင်အုပ်ချုပ်ရေးမှူး ကာရီလမ်ကတော့ တရုတ်အစိုးရရဲ့ လုံခြုံရေးဥပဒေသစ်ကို အပြည့်အဝ ထောက်ခံထားပြီး ဟောင်ကောင်ရဲ့ ရပိုင်ခွင့်တွေ မပြောင်းမလဲဘဲ ဆက်ရှိနေမယ်လို့ ပြောထားပါတယ်။ လုံခြုံရေးဥပဒေသစ်က ဟောင်ကောင်မှာ ရင်းနှီးမြှုပ်နှံသူတွေကို ထိခိုက်စေမယ်ဆိုတဲ့ စိုးရိမ်မှုတွေကို တရုတ်အစိုးရက ပယ်ချလိုက်ပြီး ယခုကိစ္စမှာ ဝင်ရောက်စွက်ဖက်တဲ့ နိုင်ငံတွေကိုလည်း တုံ့ပြန်ပြောဆိုခဲ့ကြောင်း သိရပါတယ်။
Source: BBC, AFP