ဟောင်ကောင်မှာ အစိုးရဆန့်ကျင်ရေးဆန္ဒပြမှုများ ခြောက်လပြည့်အထိမ်းအမှတ်အဖြစ် လူဦးရေ သိန်းနဲ့ချီပါဝင်တဲ့ စုရုံးချီတက်ပွဲကို ဒီဇင်ဘာ ၈ ရက်နေ့က ပြုလုပ်ခဲ့ကြပါတယ်။
(Photo: AFP)
ဒီမိုကရေစီလိုလားတဲ့ Civil Human Rights Front အုပ်စုက စီစဥ်ပြုလုပ်ခဲ့တဲ့ ယမန်နေ့ စုရုံးချီတက် ဆန္ဒပြပွဲဟာ ဩဂုတ်လနောက်ပိုင်း ရဲတပ်ဖွဲ့က ပထမဆုံးအကြိမ် ခွင့်ပြုခဲ့တဲ့ စုရုံးချီတက် ဆန္ဒပြပွဲလည်း ဖြစ်ပါတယ်။ စုရုံးချီတက် ဆန္ဒပြပွဲကို လူဦးရေ ၈၀၀,၀၀၀ ခန့် ပါဝင်ခဲ့ကြတယ်လို့ စီစဥ်သူတွေက ခန့်မှန်းခဲ့ကြပြီး ရဲတပ်ဖွဲ့ကတော့ လူ ၁၈၃,၀၀၀ ပါဝင်ခဲ့ကြောင်း ဒေသခံမီဒီယာကို ပြောခဲ့ပါတယ်။ ရဲတပ်ဖွဲ့က ယခု စုရုံးချီတက် ဆန္ဒပြပွဲမတိုင်မီ စီးနင်းမှုတွေလုပ်ခဲ့ပြီး လူ ၁၁ ဦးကို ဖမ်းဆီးခဲ့ကာ သေနတ်တစ်လက် သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။
(Photo: AFP)
ယမန်နေ့ ဆန္ဒပြမှုဟာ ၎င်းတို့ရဲ့ တောင်းဆိုမှုတွေကို ဖြည့်ဆည်းပေးရန် အစိုးရရဲ့ နောက်ဆုံး အခွင့်အရေးဖြစ်ကြောင်း ဆန္ဒပြပွဲ စီစဥ်တဲ့အဖွဲ့အစည်း Civil Human Rights Front က ပြောပါတယ်။ ဟောင်ကောင်ဆန္ဒပြသူတွေက ရဲတပ်ဖွဲ့အနေနဲ့ ဆန္ဒပြမှုတွေကို ကိုင်တွယ်ဆောင်ရွက်မှုအပေါ် လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုပြုလုပ်ရန်၊ ဖမ်းဆီးထားသူတွေကို လွတ်ငြိမ်းချမ်းသာခွင့်ပေးရန်နဲ့ လွတ်လပ်တဲ့ ရွေးကောက်ပွဲများ ကျင်းပရန်တို့ အပါအဝင် တောင်းဆိုမှုတွေ ထုတ်ပြန်တောင်းဆိုထားပါတယ်။
ဇွန်လကတည်းက စတင်ဖြစ်ပွားနေခဲ့တဲ့ ဆန္ဒပြမှုများအတွင်း လူ ၆,၀၀၀ ဝန်းကျင်ကို ဖမ်းဆီးခဲ့ပြီး ရဲတပ်ဖွဲ့ဝင်များ အပါအဝင် လူဦးရေ ရာနဲ့ချီ ဒဏ်ရာရခဲ့ပါတယ်။ ယမန်နေ့က ဟောင်ဟောင်မှာ စုံရုံးချီတက် ဆန္ဒပြသူတွေက ညပိုင်းအချိန်ရောက်ချိန်မှာ မိုဘိုင်းဖုန်းမီးများကိုဖွင့်ပြီး ဆက်လက် စုံရုံးချီတက်ခဲ့ကြရာ မီးရောင်များကို တလက်လက်တောက်ပနေခဲ့ပါတယ်။
(Photo: Getty Images)
စုံရုံးချီတက်ပွဲမှာ ပါဝင်ခဲ့သူအများအပြားက အနက်ရောင်ဝတ်စုံများ ဝတ်ဆင်ခဲ့ကြပြီး အုပ်ချုပ်ရေးမှူး ကာရီလမ်နဲ့ ဘေဂျင်းအစိုးရက ဟောင်ကောင်ဆန္ဒပြသူတွေရဲ့ တောင်းဆိုမှုတွေကို လိုက်လျောပေးခြင်းမရှိကြောင်း ပြောပါတယ်။ "ကျွန်တော်တို့ရဲ့ အမြင်တွေ လိုလားမှုတွေကို ငြိမ်းချမ်းစွာစုရုံးချီတက်ပြီး ဘယ်လိုပဲဖော်ပြပေမဲ့ အစိုးရက နားမထောင်ခဲ့ပါဘူး၊ ဟောင်ကောင်အစိုးရက တရုတ်ကွန်မြူနစ်ပါတီထံက ညွှန်ကြားချက်ကိုပဲ လိုက်နာတယ်လေ" လို့ အသက် ၅၀ နှစ်အရွယ် မျိုးရိုးအမည် Wong ဆိုသူက ပြောဆိုခဲ့ပါတယ်။
(Photo: AFP)
ဟောင်ကောင်မှာ အစိုးရက တရားခံလွှဲပြောင်းရေး ဥပဒေမူကြမ်းကို စီစဥ်ခဲ့ရာမှ ယခုနှစ် ဇွန်လအတွင်း ကန့်ကွက်ဆန္ဒပြမှုတွေ ပေါ်ပေါက်လာခဲ့ပြီး ရဲတပ်ဖွဲ့နဲ့ထိပ်တိုက်တွေ့ အဓိကရုဏ်းများနဲ့ အခြားအကြမ်းဖက်မှုများလည်း ဖြစ်ပွားနေခဲ့ပါတယ်။ ဆန္ဒပြမှုတွေ အပြင်းအထန် ဖြစ်ပွားနေခဲ့ပြီးနောက် ဟောင်ကောင်အာဏာပိုင်တွေက တရားခံလွှဲပြောင်းရေး ဥပဒေမူကြမ်းကို အောက်တိုဘာ ၂၃ ရက်နေ့မှာ တရားဝင် ရုပ်သိမ်းခဲ့ပေမဲ့ ဆန္ဒပြမှုတွေ ဆက်လက်ရှိနေခဲ့ပါတယ်။
လူဦးရေ ၇.၃ သန်းကျော်ရှိတဲ့ ဟောင်ကောင်ကို ၁၉၉၇ ခုနှစ် ဇူလိုင် ၁ ရက်နေ့မှာ ဗြိတိန်နိုင်ငံက တရုတ်နိုင်ငံသို့ ပြန်လည် လွှဲပြောင်းပေးခဲ့ပြီးနောက် 'တစ်နိုင်ငံ စနစ်နှစ်မျိုး' မူဝါဒဖြင့် ဟောင်ကောင်ကို အုပ်ချုပ်နေပါတယ်။ ဗြိတိန်နိုင်ငံ ပြန်လည် လွှဲပြောင်းပေးခဲ့ပြီးနောက် ဟောင်ကောင်ဟာ တရုတ်နိုင်ငံရဲ့ အထူးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နယ်မြေအဖြစ် ရပ်တည်နေကြောင်း သိရပါတယ်။