လူတိုင်းကတော့ ကိုယ့်ရဲ့ Relationshipမှာ ပျော်ရွှင်ရတဲ့၊ စိတ်ချမ်းသာရတဲ့ ၊ ကြည်နူးရတဲ့ အခိုက်အတန့်လေးတွေကိုသာ ပိုင်ဆိုင်ချင်ကြမှာပါ။ စိတ်ရှုပ်ရတဲ့၊ စိတ်ညစ်ညူးရတဲ့ Toxic ဖြစ်လွန်းတဲ့ Relationship ကိုတော့ ဘယ်သူမှ ပိုင်ဆိုင်ချင်ကြမယ် မထင်ပါဘူး။ ဒီတစ်ခေါက်တော့ Toxic ကင်းတဲ့ Healthy Relationship တွေကို ပိုင်ဆိုင်နိုင်မယ့် အချက်တစ်ချို့ကို ဝေမျှပေးပါရစေ။
Healthy Relationship ကို ပိုင်ဆိုင်စေမယ့်အချက်တွေကတော့
ယုံကြည်မှုထားပါ
ချစ်သူနှစ်ဦးကြားမှာ ယုံကြည်မှုထားဖို့ဆိုတာ အဓိကကျတဲ့ အချက်တစ်ချက်ဖြစ်ပါတယ်။ တစ်ယောက်ကို တစ်ယောက် ယုံကြည်မှုမရှိတဲ့ ချစ်သူတွေဟာ တစတစနဲ့ လူချင်းနီးနေရင်တောင် နှလုံးသားချင်းကတော့ ဝေးသွားကြတာပါပဲ။ တစ်ယောက်ကို တစ်ယောက် သဝန်တိုတဲ့ အရာနဲ့ ပတ်သက်တဲ့ ယုံကြည်မှုမျိုးမှမဟုတ်ပါဘူး။ ဘယ်လိုအရာမျိုးမှာမဆို ယုံကြည်ဖို့ လိုအပ်ပါတယ်။
ညှိနှိုင်းဆွေးနွေးပါ
ညှိနှိုင်းဆွေးနွေးမှုဟာ ချစ်သူနှစ်ဦးကြားမှာ အရမ်းကို လိုအပ်တဲ့ အရာတွေထဲမှာ ပါဝင်ပါတယ်။ လူတစ်ကိုယ် အကြိုက်တစ်မျိုးရယ်မို့ ဘယ်လောက်ချစ်ကြပါစေ အကြိုက်မတူတာတွေ၊ အတွေးအမြင်သဘောထားကွဲပြားတာတွေ ရှိနေမှာပဲဖြစ်လို့ နှစ်ယောက်သား အမြင်မတူတာ အကြိုက်မတူတာတွေကို အမြဲ ညှိနှိုင်းဆွေးနွေးနေမှသာ သာယာပျော်ရွှင်တဲ့ Healthy Relationship ကို ရရှိမှာပါ။
တစ်ဖက်သားအမြင်ကို လေးစားပါ
ဘယ်လောက်ပဲ ချစ်ကြတဲ့ ချစ်သူတွေဖြစ်ပါစေ၊ တစ်ယောက်ကို တစ်ယောက်လေးစားဖို့ ၊ တစ်ယောက်ရဲ့ အမြင်ကို တစ်ယောက် အလေးထားဖို့ လိုကိုလိုအပ်ပါတယ်။ ချစ်သူနှစ်ဦးမှာ တစ်ယောက်အမြင် တစ်ယောက် မလေးစားတော့ရင်၊ အလေးမထားတော့ရင် တန်ဖိုးထားမှုတွေလည်း လျော့နည်းလာပြီး အချစ်ကနေ အထင်သေးတာတွေ၊ အချစ်လျော့တာတွေ၊ ပေါ့ပျက်ပျက်နိုင်တာတွေ ဖြစ်လာပါလိမ့်မယ်။
ကိုယ်ပိုင်လွတ်လပ်ခွင့်တွေပေးပါ
ချစ်သူဖြစ်သွားပြီဆိုတိုင်း သူ့ရဲ့ အချိန်အားလုံးကို ပိုင်ဆိုင်သွားပြီလို့ တွေးလို့မရပါဘူး။ လူတိုင်းမှာ သူ့ကိုယ်ပိုင်လွတ်လပ်ချိန် ၊ ကိုယ်ပိုင်လွတ်လပ်ခွင့်ဆိုတာရှိပါတယ်။ ကိုယ်နဲ့မဟုတ်ဘဲ တခြားမိတ်ဆွေသူငယ်ချင်းတွေနဲ့ အချိန်ဖြုန်းတာ ၊ သူ့မိသားစုနဲ့တွေ့ဆုံတာ ၊ ညီအစ်ကိုမောင်နှမတွေနဲ့ လွတ်လွတ်လပ်လပ်သွားတာ၊ တစ်ယောက်တည်း me time ယူတာ ဒါတွေကိုလည်း နားလည်ပြီး ကိုယ်ပိုင်လွတ်လပ်ခွင့်လေးပေးဖို့ လိုပါတယ်။
မျှဝေခံစားပေးပါ
ချစ်သူနှစ်ဦးမှာ ဘာကိစ္စပဲဖြစ်ဖြစ် မျှဝေခံစားပေးဖို့လိုပါတယ်။ ဒါ နင့်ကိစ္စပဲ ငါနဲ့ မဆိုင်ဘူးဆိုတာမျိုးတွေက ကြာလာလေ နှစ်ဦးသားကို ပိုဝေးသွားစေလေဖြစ်လာမှာပါ။ ရဲဘော်ရဲဘက်စိတ်ကလေးနဲ့ တစ်ယောက်ရဲ့ ကိစ္စတွေကို တစ်ယောက်က ဝေမျှခံစားပေးမယ်ဆိုရင် ဒီ Relationship ဟာ ပျော်ရွှင်ကြည်နူးစိတ်ချမ်းသာစရာကောင်းတဲ့ Relationship လေးဖြစ်လာမှာပါ။
ဒီအချက်တွေကိုသာ သေချာလိုက်နာမယ်ဆိုရင် Healthy Relationship ကို ပိုင်ဆိုင်နိုင်မှာပါ။
ဖော်ပြပါသတင်းဆောင်းပါးပါ အချက်အလက်များသည် Duwun Community Voice အစီအစဉ်မှ Relationship နဲ့ပတ်သက်တာတွေကို ဆွေးနွေးပေးနေတဲ့ Influencer ကိုမင်းသန့်ရဲ့ အကြံပြုချက်များကို ကောက်နုတ်ဖော်ပြထားခြင်းဖြစ်ပါသည်။