ရှယ်ယာဈေး ထိုးတက်နေတာ ရပ်သွားပါ

Tesla ကားအစီးရေ ၁ သိန်းဝယ်ဖို့ သဘောတူစာချုပ်ချုပ်ထားတယ်လို့ Hertz ကားအငှားလုပ်ငန်းက ကြေညာတဲ့အပေါ် Tesla ကားကုမ္ပဏီသူဌေး အီလွန်မတ်စ်က ငြင်းချက်ထုတ်သွားပါတယ်။

အောက်တိုဘာ ၂၅ ရက်နေ့က ကားအငှားလုပ်ငန်းတစ်ခုဖြစ်တဲ့ Hertz ဟာ Tesla ကားအစီးရေ ၁ သိန်း ဝယ်မယ့်အကြောင်း ကြေညာခဲ့တာကြောင့် Tesla ရှယ်ယာဈေး ထိုးတက်ခဲ့ပြီး ဈေးကွက်တန်ဖိုး ဒေါ်လာ ၁ ထရီလီယံတန်လုပ်ငန်းဖြစ်လာခဲ့ပါတယ်။ Tesla အမှုဆောင်အရာရှိချုပ် အီလွန်မတ်စ်လည်း တစ်ရက်တည်းနဲ့ ဒေါ်လာ ၃၆ ဘီလျံကျော် ပိုင်ဆိုင်ခဲ့ပြီး ကမ္ဘာ့ပထမဆုံး ဒေါ်လာဘီလျံ ၃၀၀ နဲ့အထက် ချမ်းသာသူ ဖြစ်လာခဲ့တာပါ။ 



Photo: The Times

ဒီတစ်ပတ် တနင်္လာနေ့က သူ့ရဲ့ Tweet မှာတော့ အခုလို Tesla အနေနဲ့ ဒေါ်လာထရီလီယံတန်လုပ်ငန်း ဖြစ်လာတဲ့အပေါ် "တကယ်လို့ ဒါက Hertz ပေါ်အခြေခံတယ်ဆိုရင် ကျွန်တော်ပြောချင်တာက အခုထိ ဘာစာချုပ်မှ ကျွန်တော်တို့ မချုပ်ဆိုရသေးပါဘူး။ Hertz နဲ့ သဘောတူညီချက်ဟာ ကျွန်တော်တို့ စီးပွားရေးအပေါ် သက်ရောက်မှုမရှိပါဘူး"လို့ ရေးထားပါတယ်။

Tesla အနေနဲ့ ထုတ်လုပ်အားထက် ဝယ်လိုအား ပိုလိုက်နေလို့ Hertz ကိုလည်း ဖောက်သည်တွေကို ပေးတဲ့အတိုင်းပဲ ကားတွေ ထုတ်ရောင်းသွားမှာပါလို့ မတ်စ်က ဆိုပါတယ်။ မတ်စ်ရဲ့ ပြောကြားချက်ထွက်လာပြီးတဲ့နောက်မှာ ကုမ္ပဏီရဲ့ရှယ်ယာဈေးဟာ ၄% ကျဆင်းသွားခဲ့တယ်လို့ Reuters သတင်းက ဖော်ပြပါတယ်။ Business Insider က ရထားတဲ့ Hertz ဘက်က ထုတ်ပြန်ချက်မှာတော့ ကုမ္ပဏီအနေနဲ့ Tesla လျှပ်စစ်ကားအစီးရေ ၁ သိန်း ကနဦးအော်ဒါမှာထားပြီး မကြာခင်မှာ ကားတွေရောက်လာမယ်လို့ ဆိုပါတယ်။

Photo: CNBC


Hertz ကားအငှားဝန်ဆောင်မှုအနေနဲ့ Tesla ကားငှားချင်သူတွေ များပြားနေတာ တွေ့ရတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ Hertz အမှုဆောင်အရာရှိချုပ် မာ့ခ်ဖီးလ်ရဲ့ အဆိုအရ ကုမ္ပဏီဟာ Tesla ဆီကနေ Model 3 ကားတွေ အဓိကထားပြီး အော်ဒါမှာထားတယ်လို့ ဆိုပါတယ်။ Tesla ရဲ့ ဈေးအချိုဆုံး Model 3 ဆီဒင်ကားတစ်စင်းဟာ ဒေါ်လာ ၄၄၀၀၀ ဝန်းကျင်ပေါက်တာကြောင့် အနည်းဆုံး ဒေါ်လာ ၄.၄ ဘီလျံဝန်းကျင် တန်တဲ့ အော်ဒါမှာယူမှုလို့ ဆိုရမှာပါ။ 


လောလောဆယ် Tesla ဟာ ၂၀၁၇ ကတည်းက ရောင်းထားတဲ့ အမေရိကန်နိုင်ငံအတွင်းက ကားအစီးရေ ၁၂၀၀၀ နီးပါးကို ဆက်သွယ်ရေးချို့ယွင်းချက်ကြောင့် ဈေးကွက်က ပြန်သိမ်းနေရတယ်လို့ အမျိုးသားအဝေးပြေးယာဉ်ကြောဘေးကင်းမှုအဖွဲ့က ဆိုပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က