လီဗန်တေးနဲ့ပွဲမှာ သွင်းယူခဲ့တာပါ။

ရီးရဲလ်မက်ဒရစ်တောင်ပံကစားသမားဗင်နီရှပ်ဟာ လီဗန်တေးကို ၆-၀ နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲမှာ ဟက်ထရစ်သွင်းယူပြီး ခြေစွမ်းပြသွားခဲ့ပါတယ်။ ဒါဟာ ၂၀၀၈ ခုနှစ်က စတင်ပြီး လာလီဂါမှာ ရီးရဲလ်အတွက် အသက်အငယ်ဆုံးဟက်ထရစ်သွင်းယူနိုင်သူ ဖြစ်လာခဲ့တာပါ။ ဗင်နီရှပ်အတွက်တော့ ဒီရာသီမှာ လိဂ်သွင်းဂိုး ၁၇ ဂိုးအထိ ရရှိသွားခဲ့ပြီလည်းဖြစ်ပါတယ်။ 

ဟက်ထရစ်သွင်းယူအပြီးမှာတော့ ဗင်နီရှပ်က ရော်နယ်ဒိုရဲ့ အောင်ပွဲခံဟန်အတိုင်း အောင်ပွဲခံသွားခဲ့ပါတယ်။ အေတီကိုနဲ့ပွဲမှာ အဓိကကစားသမားတွေကို အနားပေးခဲ့တဲ့ အန်ဆယ်လော့တီက ဒီပွဲမှာ အားလုံးကို ပြန်လည်ထည့်သွင်းကစားခဲ့ပါတယ်။ ဒါကြောင့်လည်း လီဗန်တေးတို့ ဘယ်လိုမှမယှဉ်နိုင်ခဲ့ဘဲ ဂိုးပြတ်အရေးနိမ့်ခဲ့ကာ မန်ဒီ၊ ဘန်ဇီမာ၊ ရိုဒရိုင်ဂိုတို့က ၁ ဂိုးစီ၊ ဗင်နီရှပ်က ဟက်ထရစ်သွင်းယူကာ ရီးရဲလ်တို့ အနိုင်ရခဲ့ပါတယ်။ 



လီဗာပူးလ်နဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲကစားဖို့ရှိနေတဲ့ ရီးရဲလ်က လာလီဂါမှာ ချန်ပီယံဖြစ်ခဲ့ပြီးနောက် ဖိအားကင်းကင်းနဲ့ ကစားနေနိုင်တာလည်းဖြစ်ပါတယ်။ သူတို့ရဲ့ တိုက်စစ်ကစားသမားတွေက ဂိုးတွေဆက်တိုက်သွင်းယူနိုင်တာက လီဗာပူးလ်အတွက်တော့ သတိထားရမယ့် အချက်တခုဖြစ်ပြီး မန်စီးတီးနဲ့ ပရီးမီးယားလိဂ်ဖလားကို အာရုံများနေတာကလည်း အားနည်းချက်ဖြစ်လာဖို့ရာရှိနေပါတယ်။ 



ဗင်နီရှပ်က ဒီရာသိမှာ ခြေစွမ်းပြနေသလို သူ့ရဲ့ ရီးရဲလ်ကစားသမားဘ၀ ပထမဆုံးဟက်ထရစ်ကိုလည်း မနေ့ကပွဲမှာ ရယူနိုင်ခဲ့တာဖြစ်ပါတယ်။ ကိုယ်တိုင်ဂိုးသွင်းယူထားနိုင်သလို ဖန်တီးပေးမှုကလည်း ၁၀ ကြိမ်အထိ ပြုလုပ်ပေးထားခဲ့ကာ ရီးရဲလ်မက်ဒရစ်တိုက်စစ်ပိုင်းအတွက် ဘန်ဇီမာနည်းတူ အားကိုးရတဲ့ ကစားသမားအဖြစ်ရှိနေခဲ့ပါတယ်။ 

ချန်ပီယံလိဂ်ဗိုလ်လုပွဲအတွက် အန်ဆယ်လော့တီက ပြင်ဆင်နေတယ်လို့လည်း ယူဆရပါတယ်။ ကစားသမားတွေကို ကြံ့ခိုင်မှုပြည့်၀အောင်နဲ့ ပွဲဆက်မပြတ်အောင် သူက စီမံနေတာလည်းဖြစ်ပါတယ်။ ချန်ပီယံလိဂ်ဗိုလ်လုပွဲကိုတော့ မေလ ၂၉ ရက်နေ့မှာ ကစားမှာဖြစ်ပြီး ပဲရစ်မြို့မှာ ကျင်းပမှာဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က