တော့တင်ဟမ်ဟော့စပါးကို မန်ချက်စတာယူနိုက်တက်တို့ အရေးနိမ့်ပြီးတာနဲ့ အချိန်မဆိုင်းဘဲ ပီယာ့စ်မော်ဂန်တယောက် ဝေဖန်ပြစ်တင်မှုတွေ ပြုလုပ်သွားခဲ့ပါတယ်။ အဲရစ်ခ်တန်ဟက်ဂ်ရဲ့ အသင်းဟာ အဝေးကွင်းမှာ စိတ်ပျက်ဖွယ်ရာခြေစွမ်းနဲ့ အရေးနိမ့်ခဲ့ပြီး ချေပဂိုးပြန်သွင်းနိုင်ဖို့တောင်မှ မတတ်သာဘဲရှိနေခဲ့ပါတယ်။
ဒီပွဲစဉ်က ရလဒ်နဲ့ ခြေစွမ်းအတွက် နည်းပြတန်ဟက်ဂျ်လည်း အပြစ်တင်ခံခဲ့ရပြီး အသင်းကစားပုံအတွက် သူ့မှာတာဝန်ရှိသူလို့ ရွိုင်ကိန်း၊ ဂယ်ရီနဗီးလ်တို့လို အသင်းကစားသမားဟောင်းတွေက ပြစ်တင်ပြောဆိုခဲ့ပါတယ်။ လက်ရှိမှာတော့ ယူနိက်တက်ဟာ ၂ပွဲကစားအပြီး ၁ပွဲနိုင်၊ ၁ပွဲရှုံးထားပြီးဖြစ်ပါတယ်။
မော်ဂန်က "တချိန်ချိန်မှာတော့ ယူနိုက်တက်ပရိသတ်တွေ ကိုမာဝင်နေရာကနေ ပြန်ပြီးနိုးထလာမယ်၊ တန်ဟက်ဂျ်နဲ့ ပတ်သက်ပြီး ရော်နယ်ဒိုမှန်ကန်တယ်ဆိုတာကို သူတို့ သိလာပါလိမ့်မယ်" လို့ တွစ်တာမှာ ရေးသားခဲ့ပါတယ်။ ဒီလိုရေးပြီးတဲ့နောက်မှာပဲ သူက နောက်ထပ်တကြိမ် ထပ်မံပြောဆိုမှုတွေကို လုပ်ခဲ့ပါသေးတယ်။
"နောက်ဆုံးအကြိမ် စပါးနဲ့တွေ့တုန်းက ယူနိုက်တက်အတွက် ကစားသမားတဦးက ဟက်ထရစ်သွင်းပြီး အသင်းကို အနိုင်ရစေခဲ့ပါတယ်။ ဒါပေမယ့် သူ့ကို အသင်းအတွက် ပြသနာလို့ မှတ်ယူခဲ့ကြပြီးတော့ ထွက်ခွာစေခဲ့ပါတယ်၊ တန်ဟက်ဂျ်ကိုတော့ ဘယ်သူကမှ အပြစ်မတင်ခဲ့ကြပါဘူး" လို့ ရေးသားခဲ့တာပါ။
မော်ဂန်ဟာ ယူနိုက်တက်အရေးနိမ့်တိုင်းမှာ ရော်နယ်ဒိုကို အသင်းကထွက်ခွာစေခဲ့တာနဲ့ ပတ်သက်ပြီး ပြစ်တင်မှုတွေကို လုပ်လေ့ရှိသူပါ။ ရော်နယ်ဒိုနဲ့ သူက မိတ်ဆွေရင်းချာတွေဖြစ်ပြီး ကစားသမားနဲ့ ယူနိုက်တက်တို့ လမ်းခွဲမှုမှာ အသင်းဘက်က မှားယွင်းတယ်ဆိုတာကို တောက်လျှောက်ဆိုသလို ပြောဆိုပြီး ရော်နယ်ဒို ကာကွယ်ပေးနေခဲ့တာဖြစ်ပါတယ်။