မနေ့ညက ကစားခဲ့တဲ့ ဘိုင်ယန်မြူးနစ်နဲ့ မိန့်ဇ်တို့ရဲ့ ဘွန်ဒက်စ်လီဂါပွဲစဉ်မှာ ဘိုင်ယန်မြူးနစ်က ဟယ်ရီကိန်းရဲ့ ဟက်ထရစ်သွင်းဂိုးအပါအဝင် ၈-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။ နောက်ပိုင်းပွဲစဉ်တွေမှာ ရလဒ်ဆိုးတွေကြောင့် ဖိအားတွေအောက် ရောက်နေတဲ့ ဘိုင်ယန်မြူးနစ်အတွက် ဒီပွဲရလဒ်က အသက်ရှူချောင်စရာဖြစ်ခဲ့ပါတယ်။
ဒီပွဲမှာ ဘိုင်ယန်မြူးနစ်အတွက် သွင်းဂိုးတွေကို ဟယ်ရီကိန်းက ဟက်ထရစ်၊ ဂေါ်ရက်ဇ်ကာ၊ မူလာ၊ မူဆီအာလာ၊ နာဘရီတို့က တစ်ဂိုးစီ အသီးသီး သွင်းယူခဲ့ကြပါတယ်။ ဒါဟာ ဟယ်ရီကိန်းအတွက်တော့ ဘိုင်ယန်မြူးနစ်နဲ့ ပထမဆုံးရာသီမှာ လေးကြိမ်မြောက် ဟက်ထရစ်ကို ရရှိခဲ့တာပါ။
ဒါပေမယ့်လည်း ဟယ်ရီကိန်းရဲ့ ဒီဟက်ထရစ်သွင်းဂိုးက တရားဝင်မဟုတ်ခဲ့ပါဘူး။ အကြောင်းရင်းကတော့ ဂျာမနီနိုင်ငံက ထူးထူးခြားခြား စည်းမျဉ်းကြောင့်လို့ပဲ ပြောရမှာပါ။ အင်္ဂလန်မှာဆိုရင်တော့ ကစားသမားတစ်ယောက်က ပွဲတစ်ပွဲမှာ သုံးဂိုး သွင်းနိုင်ခဲ့ရင် ဟက်ထရစ်ပါပဲ။
ဂျာမနီမှာတော့ ဒီသုံးဂိုးစလုံးကို ပွဲကစားချိန် ပထမပိုင်း ဒါမှမဟုတ် ဒုတိယပိုင်းတစ်ပိုင်းတည်းမှာပဲ သွင်းယူနိုင်ဖို့ လိုအပ်ပါတယ်။ ဒါ့အပြင် ဒီလိုမျိုး သွင်းယူတဲ့နေရာမှာ အခြားကစားသမားတစ်ယောက်က ဟက်ထရစ်သွင်းယူမယ့် ကစားသမားရဲ့ ကြားကနေ ဖောက်ထွက်ပြီး ဂိုးသွင်းယူတာမျိုးလည်း ရှိလို့မရပါဘူး။
မနေ့က ဟယ်ရီကိန်းရဲ့ ဟက်ထရစ်သွင်းဂိုးက ပထမပိုင်းမှာနှစ်ဂိုး၊ ဒုတိယပိုင်းမှာ တစ်ဂိုး သွင်းယူခဲ့တာဖြစ်ပြီး ဂေါ်ရက်ဇ်ကာ၊ မူလာ၊ မူဆီအာလာနဲ့ နာဘရီတို့ကလည်း ဟယ်ရီကိန်းရဲ့ ဟက်ထရစ်သွင်းဂိုးကြားထဲမှာ ကြားဖောက် ဂိုးသွင်းခဲ့ကြပါသေးတယ်။ ဘာပဲဖြစ်ဖြစ် ဘောလုံးစည်းကမ်းအရတော့ ဟယ်ရီကိန်းရဲ့ ဟက်ထရစ်က တရားဝင်ဖြစ်ခဲ့တယ်ဆိုတာ ငြင်းဆန်လို့တော့ မရပါဘူး။