ဘိုင်ယန်မြူးနစ်တို့ အိမ်ကွင်းမှာ ဂိုးမိုးရွာခဲ့တာပါ။

ပထမအကျော့မှာ ပြသခဲ့တဲ့ ဆဲလ်ဘာ့ဂ်ရဲ့ခြေစွမ်းကြောင့် ဒုတိယအကျော့အတွက် စိတ်ဝင်စားစရာဖြစ်ခဲ့ပေမယ့် ဘိုင်ယန်မြူးနစ်တိုက်စစ်ပိုင်းရဲ့ ခြေစွမ်းပြမှုကြောင့် စောစောစီးစီးပဲ ပွဲက ပြတ်သားသွားခဲ့ပါတယ်။ ဆဲလ်ဘာ့ဂ်တို့ အကြောက်အလန့်မရှိကစားခဲ့ပေမယ့် ဒါကပဲ ပြဿနာပိုကြီးစေခဲ့ပြီး ဘိုင်ယန်မြူးနစ်လိုချင်တဲ့ပုံစံခွက်ထဲကို အလိုလို သက်ဆင်းသွားခဲ့ရပါတယ်။



ဘိုင်ယန်မြူးနစ်အတွက် ဒီပွဲမှာ ဂိုးသမား နူအာပြန်လည်ပါဝင်လာခဲ့ပြီး လီဝန်ဒေါစကီး၊ ဆာနေး၊ ကိုးမန်း၊ မူလာ၊ မျူရှယ်လာ၊ နာဘရီ၊ ကင်မစ်ချ်တို့နဲ့ အကောင်းဆုံး လူစာရင်း ပွဲထွက်ခဲ့ပါတယ်။ ပွဲစတာနဲ့ ကြည့်ကောင်းခဲ့ပြီး နှစ်သင်းလုံးဂိုးကံခေခဲ့တာကြောင့်သာ စောစောစီးစီး ဂိုးမရရှိခဲ့တာပါ။

(၁၀) မိနစ်မှာပဲ ဘိုင်ယန်မြူးနစ်တို့ ပင်နယ်တီရရှိခဲ့ပြီး လီဝန်ဒေါစကီးက သူ့ကြောင့်ရရှိခဲ့တဲ့ ပင်နယ်တီကို သူကိုယ်တိုင်ပဲ အမှားအယွင်းမရှိအဆုံးသတ်ကန်သွင်းခဲ့ပါတယ်။ ချက်ချင်းဆိုသလိုပဲ ဆဲလ်ဘာ့ဂ်တို့ ချေပဂိုးရရှိဖို့ နီးစပ်ခဲ့ပေမယ့် ဂိုးသမား နူအာလက်စွမ်းပြ ကာကွယ်ခဲ့ပါတယ်။

အဲ့ဒီနောက် မိနစ် (၂၀) မှာ ဘိုင်ယန်မြူးနစ်တို့ လီဝန်ဒေါစကီးကြောင့်ပဲ ပင်နယ်တီထပ်ရခဲ့ပြီး ဒီတကြိမ်မှာလည်း လီဝန်ဒေါစကီးက အမှားအယွင်းမရှိဘဲ အဆုံးသတ်ခဲ့ပါတယ်။ ဒုတိယဂိုးရပြီး ချက်ချင်းဆိုသလိုပဲ ဆဲလ်ဘာ့ဂ်ဂိုးသမားရဲ့ အမှားကတဆင့် လီဝန်ဒေါစကီးက လွတ်လွတ်ကျွတ်ကျွတ် ပိတ်သွင်းသွားခဲ့ပါတယ်။

လီဝန်ဒေါစကီးအတွက် မိနစ် (၂၀) ကျော်မှာပဲ ဟက်ထရစ်ရခဲ့တာဖြစ်သလို ဒီရာသီ ချန်ပီယံလိဂ်သွင်းဂိုးကလည်း (၁၂) ဂိုးအထိ ရှိလာခဲ့ပြီဖြစ်ပါတယ်။ ဘိုင်ယန်မြူးနစ်တို့ စောစောစီးစီး ဂိုးပြတ်ဦးဆောင်လိုက်တာကြောင့် ဖိအားလျော့သွားခဲ့ပြီး ပွဲကိုသက်သောင့်သက်သာနဲ့ စိုးမိုးခဲ့ပါတယ်။

ပွဲကစားချိန် မိနစ် (၃၀) မှာ ကိုးမန်းရဲ့ ဖန်တီးပေးမှုကတဆင့် နာဘရီက အပိုင်ကန်သွင်းပြီး ဘိုင်ယန်မြူးနစ်အတွက် လေးဂိုးမြောက်ဂိုးကို သွင်းယူပေးနိုင်ခဲ့ပါတယ်။ ဒုတိယပိုင်းမှာ မူလာက နှစ်ဂိုး၊ ဆာနေးက တဂိုးထပ်မံသွင်းယူပေးခဲ့ပြီး ဆဲလ်ဘာ့ဂ်အတွက် ချေပဂိုးတဂိုးကိုတော့ ကေဂျာဂတ်က သွင်းယူပေးခဲ့တာကြောင့် ပွဲအပြီးမှာတော့ ဘိုင်ယန်မြူးနစ်တို့ ၇-၁ ဂိုး၊ နှစ်ကျော့ပေါင်း ၈-၂ ဂိုးနဲ့ ကွာတားဖိုင်နယ်ကို တက်ရောက်ခဲ့ပါတယ်။

Share

က္က