စိတ်ပျက်လက်ပျက်နဲ့ ထားသွားခဲ့တာပါ။

ဘင်ဖီကာ ကွင်းလယ်လူ ယာအိုမာရီယိုဟာ အင်တာမီလန်နဲ့ သုံးဂိုးစီသရေကျခဲ့တဲ့ ချန်ပီယံလိဂ်အုပ်စုပွဲစဉ်မှာ ဟက်ထရစ်သွင်းယူနိုင်ခဲ့ပေမယ့် ဟက်ထရစ်ရတဲ့ ဘောလုံးကိုတော့ ယူဆောင်သွားခဲ့ခြင်းမရှိဘူးလို့ သိရှိရပါတယ်။



အဆိုပါပွဲမှာ မာရီယိုက ပထမပိုင်းမှာတင် ဘင်ဖီကာအတွက် ဟက်ထရစ်သွင်းယူပေးနိုင်ခဲ့ပြီး သုံးဂိုးပြတ်နဲ့ ဦးဆောင်နိုင်ခဲ့တာပါ။ ဒါပေမယ့် ဒုတိယပိုင်းမှာတော့ အင်တာမီလန်ဘက်က အနော်တိုဗစ်၊ ဖရက်တီဆီ၊ ဆန်းချက်ဇ်တို့ရဲ့ ချေပဂိုးတွေကို ပြန်လည်ခွင့်ပြုလိုက်ရပြီး သုံးဂိုးစီ သရေကျခဲ့ပါတယ်။


ဒီပွဲမကစားခင်ကတည်းက ဘင်ဖီကာတို့ ချန်ပီယံလိဂ် အုပ်စုအဆင့်ကနေ ထွက်ခွာခဲ့ရပြီးဖြစ်ပါတယ်။ ဒါပေမယ့်လည်း အိမ်ကွင်းမှာ သုံးဂိုးပြတ်အထိ အနိုင်ရရှိခဲ့ပြီးမှ အခုလိုမျိုး သရေပြန်ကျသွားခဲ့တာက ဘင်ဖီကာအတွက် ခံရခက်တဲ့ အနေအထားမျိုးပါပဲ။

ပွဲအပြီးမှာ ဘင်ဖီကာအသင်းဖော်က ဟက်ထရစ်ရတဲ့ ဘောလုံးကို မာရီယိုထံ ပေးခဲ့ပေမယ့် အဆိုပါ ကွင်းလယ်လူကတော့ စိတ်ပျက်လက်ပျက်နဲ့ပဲ ဘောလုံးကို ကွင်းအတွင်း ထားရစ်ခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် ဘင်ဖီကာနည်းပြ ရော်ဂျာရှမစ်ကလည်း ဒီပွဲကို ကိုင်တွယ်ခဲ့တဲ့ ကွင်းလယ်ဒိုင်ရဲ့ စွမ်းဆောင်ရည်ကို ပွဲအပြီးမှာ ဝေဖန်ခဲ့ပါတယ်။
ဒီပွဲကို ကိုင်တွယ်ခဲ့တဲ့ ဒိုင်လူကြီးတွေဟာ လက်ပစ်ဘော၊ ထောင့်ကန်ဘောတွေကစလို့ အနီကတ်၊ ပင်နယ်တီဖြစ်ရပ်တွေအထိ မှားယွင်းတဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်ခဲ့ကြောင်း ရှမစ်က ဝေဖန်သွားခဲ့ပြီး ဘင်ဖီကာနဲ့ မာရီယိုအတွက်တော့ နှမြောဖို့ကောင်းတဲ့ ရလဒ်တစ်ခုဖြစ်ခဲ့ရပါတယ်။

Share

Loading Next Article...
က္က