ဒီကနေ့ညမှာ ကစားသွားတဲ့ မန်ချက်စတာဒါဘီပွဲမှာတော့ မန်စီးတီးက ယူနိုက်တက်ကို ဟာလန်းနဲ့ဖိုဒန်တို့ရဲ့ ဟက်ထရစ်တွေနဲ့အတူ ၆-၃ ဂိုးနဲ့ ဂိုးပြတ်အနိုင်ရရှိခဲ့ပါတယ်။ ဒီပွဲမှာ မန်စီးတီးက ပထမပိုင်းအပြီးတည်းက လေးဂိုးပြတ်နဲ့ ဦးဆောင်ခဲ့ပြီး ပွဲချိန်အတွင်းမှာလည်း ၆-၁ ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပါသေးတယ်။
ယူနိုက်တက်အတွက် ချေပဂိုးတွေကို အန်တိုနီ၊ မာရှယ်လ်က ခေါင်းတိုက်သွင်းဂိုး၊ ပင်နယ်တီသွင်းဂိုးတွေကတဆင့် ရယူပေးခဲ့တာကြောင့် ပွဲအပြီးမှာ ၆-၃ ဂိုးနဲ့သာ မန်စီးတီးတို့ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။ ဒီပွဲမှာ ဟက်ထရစ်ရခဲ့တာကြောင့် ဟာလန်းက ပရီးမီးယားလိဂ်သမိုင်းတလျှောက် အိမ်ကွင်း (၃) ပွဲဆက်တိုက် ဟက်ထရစ်သွင်းယူနိုင်တဲ့ ပထမဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်သွားခဲ့ပါပြီ။
ဒါ့အပြင် ယူနိုက်တက်တိုက်စစ်မှူး ရော်နယ်ဒိုရဲ့ ပရီးမီးယားလိဂ် ဟက်ထရစ် (၃) ကြိမ် အရေအတွက်ကိုလည်း ဟာလန်းက (၈) ပွဲသာ ကစားပြီးချိန်မှာ လိုက်မှီခဲ့ပါတယ်။ ဒီလိုမျိုး ဟာလန်းက ခြေစွမ်းပြပြီးခဲ့တဲ့နောက် ပွဲအပြီးမှာတော့ အသင်းဖော် ဖိုဒန်နဲ့ သူ့အကြား ရယ်စရာဖြစ်ပွားခဲ့ပါတယ်။ နှစ်ယောက်လုံးက ဟက်ထရစ်ရှင်တွေဖြစ်ခဲ့ပြီး ပွဲအပြီး ဘောလုံးကို ဘယ်သူယူမလဲဆိုတာက ပရိသတ်တွေအတွက် စိတ်ဝင်စားစရာဖြစ်ခဲ့ပါတယ်။
ပွဲအပြီးမှာ ဘောလုံးကို ပိုက်ထားတဲ့ ဟာလန်းဆီကနေ ကွင်းလယ်လူ အသင်းဖော် ဂွန်ဒိုဂန်က သွားဆွဲယူလာခဲ့ပြီးနောက် ဖိုဒန်ကို ခဏပေးခဲ့တာပဲဖြစ်ပါတယ်။ ဒါပေမယ့် ဒါက ပျော်စရာဖြစ်ရပ်အနေနဲ့သာရှိခဲ့ပြီး ဟာလန်းရော၊ ဘောလုံးကို ပိုက်ထားတဲ့ ဖိုဒန်ရော နှစ်ယောက်အတူတူ အိမ်ကွင်းမှာ လာရောက်အားပေးတဲ့ မန်စီးတီးပရိသတ်တွေကို နှုတ်ဆက်ခဲ့ပါတယ်။
ဒီရာသီအစောပိုင်းမှာ ဟာလန်းကို ဖိုဒန်က ဘောလုံးပေးမကစားတာကြောင့် နှစ်ယောက်အကြား မမြင်နိုင်တဲ့ အကြိတ်အခဲတွေရှိခဲ့တယ်လို့ ပရိသတ်တွေက ယူဆခဲ့ကြပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာတော့ နှစ်ယောက်အကြား တော်တော်လေး အတွဲမိလာခဲ့ပြီး ဒီပွဲမှာ ဖိုဒန် သွင်းယူခဲ့တဲ့ ဟက်ထရစ်သုံးဂိုးမှာ နှစ်ဂိုးက ဟာလန်းရဲ့ ဖန်တီးပေးပို့မှုတွေကြောင့် ရရှိခဲ့တာလည်းဖြစ်ပါတယ်။