မနေ့ညက ကစားခဲ့တဲ့ ယူရို - ၂၀၂၄ ခြေစစ်ပွဲမှာ အင်္ဂလန်က မော်လ်တာကို နှစ်ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။ ဒါပေမယ့် ဒီပွဲမှာ ဟယ်ရီကိန်း အဝါကတ်ထိခဲ့တဲ့အပေါ်မှာတော့ ပရိသတ်တွေက ဒေါသပေါက်ကွဲနေကြပါတယ်။
ဟယ်ရီကိန်းဟာ ပွဲကစားချိန် (၂၈) မိနစ်မှာ ပြိုင်ဘက်ဂိုးသမားကို ကျော်ဖြတ်ရင်း အဆိုပါ ဂိုးသမားက ဟယ်ရီကိန်းကို ပင်နယ်တီဧရိယာထဲမှာ ဥပဒေပြင်ပ တားဆီးခဲ့တာပါ။ ဒါပေမယ့်လည်း ပေါ်တူဂီလူမျိုး ကွင်းလယ်ဒိုင်ကတော့ ဒီဖြစ်ရပ်မှာ ဟယ်ရီကိန်းကို ဒိုင်ဗင်ထိုးတယ်ဆိုပြီး ပင်နယ်တီပေးဖို့ ငြင်းဆန်ခဲ့ပါတယ်။
ဒါ့အပြင် ဟယ်ရီကိန်းတစ်ယောက် အဝါကတ်ပါ ပြသခံခဲ့ရပါတယ်။ ဒီဖြစ်ရပ်မှာ မော်လ်တာဂိုးသမားက ဟယ်ရီကိန်းကို ရှင်းရှင်းလင်းလင်း ပြစ်ဒဏ်ကျူးလွန်ခဲ့တာဖြစ်ပေမယ့် VAR ကလည်း ပြန်မကြည့်ခဲ့သလို အခုလိုမျိုး အဝါကတ်ပါ ပြသခံလိုက်ရတာဖြစ်ပါတယ်။
ပရိသတ်တွေကတော့ “VAR က ဘာလုပ်နေတာလဲ။ ဒီဖြစ်ရပ်က မြင်ဖူးသမျှထဲမှာ အရှင်းလင်းဆုံး ပင်နယ်တီပါပဲ။ ဒါပေမယ့် ဟယ်ရီကိန်းကတော့ ဒီအတွက် အဝါကတ်ပါ ထိသွားပါတယ်။ VAR ကလည်း ဒါကို ပြန်မစစ်ဆေးခဲ့ပါဘူး” “ဒါက ဘယ်လိုဖြစ်ပြီး ဒိုင်ဗင်ထိုးတယ်ဖြစ်ရမှာလဲ။ အရှင်းလင်းဆုံး ပင်နယ်တီပါပဲ”
“ဟယ်ရီကိန်းက ဒါကို ဘယ်လိုဖြစ်လို့ ဒိုင်ဗင်ထိုးရမှာလဲ။ ဒါက သူ့အတွက် သေချာပေါက် ပင်နယ်တီရရမှာပါ” လို့ မှတ်ချက်ပြု ဝေဖန်နေကြပါတယ်။ ဟယ်ရီကိန်းဟာ ဒီဖြစ်ရပ်မှာ ပင်နယ်တီမရခဲ့ပေမယ့် အင်္ဂလန်အတွက် တစ်ဂိုးသွင်းယူပေးနိုင်ခဲ့ပါတယ်။