၁၀ ပွဲပဲ ကစားထားရချိန်မှာ ၁၅ ဂိုးအထိ သွင်းပြီးပါပြီ။

ညက ဒေါ့မန်နဲ့ကစားခဲ့တဲ့ ဂျာမန်ဘွန်ဒက်လီဂါဒါဘီပွဲမှာ ဟယ်ရီကိန်းက ဟက်ထရစ်သွင်းပြီး ဘေယန်မြူးနစ်တို့ ၄-၀ နဲ့ အနိုင်ရအောင် ကူညီနိုင်ခဲ့ပါတယ်။ ဒီပွဲမှာ ဟက်ထရစ်သွင်းယူနိုင်ခဲ့ပြီးနောက် သူ့စွမ်းဆောင်ရည်က ဒီလိုဖြစ်လာပါတယ်။ 


၁၀ ပွဲကစား

၁၅ ဂိုးသွင်း

၅ ကြိမ်ဖန်တီး

၃ ကြိမ်ဟက်ထရစ်

ဒီလိုတိုက်စစ်မှူးတဦးကို ဘယ်လိုများ ဟန့်တားနိုင်တော့မှာပဲ။ ဂျာမနီဘွန်ဒက်လီဂါရဲ့ အကောင်းဆုံးတိုက်စစ်မှူးဆိုတာကို သူ ပြသနေတဲ့နောက် ဟယ်ရီကိန်းကို ဟန့်တားဖို့ဆိုတာက မလွယ်ပါဘူး။ ဘေယန်မြူးနစ်လိုအသင်းမှာ ကစားနေတာဖြစ်လို့လည်း ဟန့်တားဖို့က ပိုတောင်ခက်ပါသေးတယ်။ 

ကစားသမားသစ်အနေနဲ့ ရောက်လာပေမယ့် သူ ပြသနေတဲ့ ခြေစွမ်းက အထင်ကြီးစရာအပြည့်ပါ။ အသင်းဖော်တွေနဲ့ ချိတ်ဆက်ကစားပုံလည်းကောင်းတယ်၊ ဖန်တီးမှုလည်း လုပ်ပေးနိုင်တယ်၊ ကိုယ်တိုင်ကလည်း တဒိုင်းဒိုင်းနဲ့ ဂိုးသွင်းနေတယ်။ ဘေယန်အတွက်တော့ ပြီးပြည့်စုံတဲ့ နံပါတ် ၉ တိုက်စစ်မှူးတဦးကို ရရှိထားတာပါပဲ။ ဂျာမနီဘွန်ဒက်လီဂါမှာ ဒီလိုတိုက်စစ်မှူးတဦးကို ပိုင်ဆိုင်ထားတာလည်း ကျေနပ်စရာကောင်းပါတယ်။ 

ကိန်းကို ဒီလိုပုံစံနဲ့ မြင်ရမယ်လို့ ထင်မှတ်ထားခဲ့ပေမယ့် ဒီလောက်ထိ မြန်မြန်ဆန်ဆန် သူလုပ်နိုင်မယ်လို့ ဘယ်သူကမှ မမျှော်လင့်ခဲ့ပါဘူး။ တဖြည်းဖြည်းနဲ့အထိုင်ကျလာမယ်၊ ဂိုးတွေရလာမယ်ပဲ တွက်ခဲ့တာပါ။ အခုတော့ သူက ဘွန်ဒက်လီဂါသမိုင်းမှာ ကစားသမားသစ်တဦးက ပထမဆုံး ၁၀ ပွဲမှာ ၁၅ဂိုးအထိ သွင်းနိုင်တဲ့ ပထမဆုံးကစားသမားပါ ဖြစ်လာခဲ့ပါတယ်။ ဒါဟာ သူ့အရင် တိုက်စစ်မှူးတွေထက် ပိုကောင်းတဲ့ ခြေစွမ်းကို ပြသနိုင်ခဲ့တာလို့ ယေဘုယျအားဖြင့် သတ်မှတ်လို့ရပါတယ်။ 


ပြီးတော့ ထည့်စဉ်းစားစရာက ဘေယန်မြူးနစ်က အရင်လိုအသင်းမဟုတ်တော့ဘဲ နည်းနည်းအားနည်းသွားတယ်ဆိုတာပါ။ လိဂ်မှာ အတောင့်တင်းဆုံးဖြစ်နေပေမယ့် မနှစ်ကနဲ့ယှဉ်ရင်တောင်မှ လူစာရင်းပိုင်းက အားနည်းနေတဲ့အသင်းပါ။ ဒီလိုအချိန်မှာ ရောက်လာတဲ့ ကိန်းက ဒါမျိုးလုပ်ပြနေတာ ပိုချီးကျူးဖို့မကောင်းဘူးလားဗျာ။ ဟယ်ရီကိန်းဟာ ဘွန်ဒက်လီဂါကိုလည်း အချိန်တိုအတွင်းမှာပဲ သိမ်းပိုက်နိုင်ခဲ့ပါပြီ။ 



Share

Loading Next Article...
က္က