မနေ့ညက ကျင်းပပြုလုပ်ခဲ့တဲ့ ချန်ပီယံလိဂ်အုပ်စုအဆင့် မဲခွဲပွဲမှာ ပရီးမီးယားလိဂ်ကလပ်အသင်းတွေထဲက စပါးတို့ သိသိသာသာ အုပ်စုချောင်နေခဲ့ပြီး ဒါက ယာယာတိုရေးရဲ့ စနက်မကင်းဘူးလို့ ပရိသတ်တွေက နောက်ပြောင်နေကြပါတယ်။ စပါးဟာ အုပ်စုအဆင့်မှာ ဖရန့်ဖတ်၊ စပို့တင်းလစ္စဘွန်း၊ မာဆေးလ်တို့နဲ့ ကျရောက်ခဲ့တာပါ။
ကျန်တဲ့ ပရီးမီးယားလိဂ်အသင်းတွေအဖြစ် လီဗာပူးက အေဂျက်စ်၊ နာပိုလီ၊ ရိန်းဂျားစ်တို့နဲ့ ကျရောက်ခဲ့ပြီး မန်စီးတီးရဲ့ အုပ်စုမှာလည်း ဆီဗီလာ၊ ဒေါ့မွန်တို့ ပါဝင်နေပါတယ်။ ဒါ့အပြင် ချဲလ်ဆီးအုပ်စုမှာလည်း စီးရီးအေချန်ပီယံ အေစီမီလန် ပါဝင်နေခဲ့ပါတယ်။ အဲ့ဒါကြောင့်လည်း စပါးက အခြားပရီးမီးယားလိဂ်အသင်းတွေထက် အုပ်စုပိုချောင်နေတယ်လို့ သုံးသပ်နေကြတာပါ။
ဒီလိုမျိုး မဲခွဲတဲ့နေရာမှာ မန်စီးတီးကစားသမားဟောင်း ယာယာတိုရေးက စပါးကို ကူညီပေးခဲ့တယ်လို့လည်း ပရိသတ်တွေက မဲခွဲပြီးတဲ့အချိန်မှာ နောက်ပြောင်နေကြပါတယ်။ ပရိသတ်တွေက “ယာယာတိုရေးက စပါးကို အချောင်ဆုံးအုပ်စုထဲထည့်ပေးပြီး ဟယ်ရီကိန်းအတွက် ပထမဆုံး ချန်ပီယံလိဂ်ဖလားရစေနိုင်မယ့် အုပ်စုကို ပို့ဆောင်ပေးခဲ့တာပါ”
“ယာယာတိုရေးက စပါးရဲ့ဂန္တဝင်ဖြစ်သွားခဲ့ပါပြီ” “ယာယာတိုရေးက တကမ္ဘာလုံးရှေ့မှာ ချန်ပီယံလိဂ်မဲခွဲပွဲကို လှည့်စားပေးလိုက်တာပါ။ ချန်ပီယံလိဂ်မှာ ယူရိုပါလိဂ်အုပ်စု ပါဝင်လာပါတယ်” “စပါးက ဖရန့်ဖတ်နဲ့တွေ့တာလား။ ယာယာတိုရေးကတော့ ဖန်တီးပေးလိုက်ပါပြီ” လို့ မျိုးစုံနောက်ပြောင်နေကြပါတယ်။ ဒါပေမယ့်လည်း ပရိသတ်အချို့ကတော့ စပါးရဲ့အုပ်စုကို လွယ်ကူတဲ့အုပ်စုအဖြစ် မှတ်ယူထားခြင်းမရှိပါဘူး။
ဖရန့်ဖတ်ဟာ ယူရိုပါလိဂ်ချန်ပီယံအဖြစ် ပါဝင်လာခဲ့ပြီး မာဆေးလ်၊ စပို့တင်းလစ္စဘွန်းတို့ကလည်း ခြေစွမ်းခြေစရှိတဲ့အသင်းတွေဖြစ်နေတာကြောင့် စပါးအတွက် မလွယ်ကူတဲ့အုပ်စုတခုအဖြစ်လည်း ပရိသတ်အချို့က ယုံကြည်ထားပါတယ်။