စပါးတိုက်စစ်မှူး ဟယ်ရီကိန်းဟာ လက်ရှိနွေရာသီ အပြောင်းအရွှေ့မှာ အသင်းကနေ ထွက်ခွာဖို့ ပြင်ဆင်နေပြီး သူ့ကို ခေါ်ယူဖို့အတွက် ဘေယန်မြူးနစ်က အထူးစိတ်ဝင်စားနေပါတယ်။ ဟယ်ရီကိန်းအတွက် စပါးဘက်က ပြောင်းရွှေ့ကြေး ယူရိုသန်း (၁၀၀) ဝန်းကျင် တောင်းဆိုထားပါတယ်။
စပါးဘက်ကတော့ ဒီပြောင်းရွှေ့ကြေးကိုသာ အမှန်တကယ်ရရှိမယ်ဆိုရင် ဟယ်ရီကိန်းကို ရောင်းချသွားဖို့ ပြင်ဆင်ထားပါတယ်။ သူ့ကို ခေါ်ယူဖို့အတွက် လက်ရှိမှာ ယူနိုက်တက်ကလည်း စိတ်ဝင်စားလာပြီး ဟယ်ရီကိန်းက ယူနိုက်တက်ရဲ့ ကာလရှည်ပစ်မှတ်လည်း ဖြစ်ခဲ့ပါတယ်။
ပီတာဘရော့ချ်အသင်းဥက္ကဌ ဒါရက်မက်အန်သိုနီကတော့ “တကယ်လို့ ယူနိုက်တက်တို့ ချန်ပီယံလုပွဲမှာ ပါဝင်ချင်တယ်၊ မနှစ်ကလို မဖြစ်ချင်ဘူးဆိုရင် ဟယ်ရီကိန်းကို ဝယ်လိုက်ပါ။ ပြီးရင် သူ့ကို နေရာမှန်မှာ ထားကစားလိုက်ပါ။ အဲ့ဒါဆိုရင်တော့ ယူနိုက်တက်က မန်စီးတီးနည်းတူ ပရီးမီးယားလိဂ်ဖလားကို ဆွတ်ခူးဖို့ ရေပန်းစားတဲ့အသင်း ဖြစ်လာပါလိမ့်မယ်”
“ပေါင်သန်း (၁၀၀) နဲ့ ထာဝရဂိုးသွင်းအများဆုံး ကစားသမားကို ရမှာပါ။ ဒီကစားသမားအတွက် ဒီလောက်ပိုက်ဆံကတော့ တန်ဖိုးရှိပါတယ်။ သူ့အသက် (၂၉) နှစ်ဆိုလည်း နောက် (၄) နှစ်လောက်တော့ အကောင်းဆုံး ပုံစံ ရှိနေဦးမှာပါ။ သူက အမြန်နှုန်းကို ဦးစားပေးတဲ့ ကစားသမားမျိုး မဟုတ်ပါဘူး။ ယူနိုက်တက်မှာသာဆိုရင် ဟယ်ရီကိန်းက တစ်နှစ်ကို ဂိုး (၃၀) လောက် သွင်းပေးနိုင်မှာပါ”
“အတ္တလန်တာက ကစားသမား (ဟို့ဂျ်လန်း) ကို မေ့လိုက်ပါ။ သူက ပရီးမီးယားလိဂ်မှာ အစမ်းသပ်ခံပြီးသား ကစားသမားမဟုတ်ပါဘူး။ ပရီးမီးယားလိဂ်ရဲ့ ထာဝရအကောင်းဆုံး တိုက်စစ်မှူးကိုသာ ဝယ်စမ်းပါဗျာ” လို့ ပြောကြားသွားခဲ့ပါတယ်။ ယူနိုက်တက်ဟာ လက်ရှိအချိန်မှာ အတ္တလန်တာ တိုက်စစ်မှူး ဟို့ဂျ်လန်းကို ခေါ်ယူဖို့အတွက်လည်း ဆွေးနွေးချဉ်းကပ်မှုတွေ စတင်ပြုလုပ်ခဲ့ပြီးဖြစ်ပါတယ်။