ဆောက်ဂိတ်ရဲ့ ရွေးချယ်မှုအပေါ် စိတ်ပျက်လက်ပျက်ဖြစ်နေတာပါ။

အင်္ဂလန်လက်ရွေးစင်အသင်းမှာ ဘရန်ဖို့ဒ်တိုက်စစ်မှူးအိုင်ဗန်တိုနေး ရွေးချယ်မခံခဲ့ရတဲ့နောက် နည်းပြသောမတ်စ်ဖရန့်က ပေါက်ကွဲနေပါတယ်။ သူ့တိုက်စစ်မှူးက ဒီရာသီမှာ ပြိုင်ပွဲစုံ ၁၅ ပွဲကစားပြီး ၉ ဂိုးသွင်းကာ ၃ ကြိမ်ဖန်တီးပေးထားပြီး အသင်းအတွက် ပင်နယ်တီ ၁၈ ကြိမ်ကန်သွင်းထားရာမှာ ၁၈ ကြိမ်စလုံးကို ဂိုးအဖြစ်ပြောင်းလဲထားနိုင်သူဖြစ်ပါတယ်။ 

ဒါပေမယ့် အင်္ဂလန်နည်းပြဆောက်ဂိတ်ကတော့ တိုက်စစ်ပိုင်းမှာ ဟယ်ရီကိန်း၊ ရက်ရှ်ဖို့ဒ်၊ စတာလင်၊ ကော်လမ်ဝီလ်ဆင်၊ ဆာကာ၊ ဂရီလစ်ရှ်၊ ဖိုဒန်၊ မက်ဒီဆန်တို့ကိုသာ ရွေးချယ်ခဲ့တာပါ။ အိုင်ဗန်တိုနေးကတော့ ဒီမတိုင်လေးမှာပဲ လုပ်ပွဲပါဝင်ပတ်သက်မှုသံသယနဲ့ စုံစမ်းစစ်ဆေးခံခဲ့ရပြီး အင်္ဂလန်အတွက် သူ ပါဝင်ခွင့်အပေါ် ထိခိုက်ခဲ့ဖွယ်ရှိတယ်လို့ ယူဆရပါတယ်။ 

သောမတ်စ်ဖရန့်က “ဒီနိုင်ငံမှာ ဟယ်ရီကိန်းပြီးရင် ပုံစံကောင်းအရဆုံးတိုက်စစ်မှူးကို ခင်ဗျားရှာတွေ့မှာမဟုတ်ဘူး၊ တိုနေးမပါဝင်ခဲ့တာက မဖြစ်နိုင်စရာကြီးပါ” လို့ ပြောဆိုခဲ့ပါတယ်။ ပြိုင်ပွဲကြီးတွေမှာဆိုရင် ပင်နယ်တီအဆုံးအဖြတ်နဲ့ အမြဲတမ်းအရေးနိမ့်လေ့ရှိတဲ့ အင်္ဂလန်ဟာ ယူရို ၂၀၂၀ ဗိုလ်လုပွဲမှာလည်း အီတလီကို ပင်နယ်တီနဲ့ အရေးနိမ့်ထားခဲ့ပါတယ်။ 

ဒါကြောင့် ပင်နယ်တီကန်သွင်းယူမှုပိုင်းမှာ ကောင်းမွန်တဲ့ တိုနေးကို​ ခေါ်ဆောင်သင့်တယ်လို့ ပရိသတ်တွေကလည်း အကြံပြုထားခဲ့ပါတယ်။ တကယ်တမ်းရွေးချယ်ခဲ့ချိန်မှာတော့ ကျန်နေရစ်ခဲ့တာဖြစ်ပြီး ချယ်လ်ဆီးမှာ ရုန်းကန်နေရတဲ့ စတာလင်ကို ထည့်သွင်းခဲ့သလို ကွင်းလယ်မှာလည်း ဒီရာသီမန်စီးတီးအတွက် ၄၅ မိနစ်သာ ကစားထားရတဲ့ ကယ်ဗင်ဖိလစ်ကို ခေါ်ယူခဲ့လို့ ဝေဖန်နေကြပါတယ်။ 

Share

Loading Next Article...
က္က