ဂျာမနီကိုအနိုင်ရပြီး ဖလားဆွတ်ခူးခဲ့ပါပြီ။

မနေ့ညက ကစားခဲ့တဲ့ အင်္ဂလန်နဲ့ဂျာမနီတို့ရဲ့ အမျိုးသမီးယူရိုချန်ပီယံရှစ်ဗိုလ်လုပွဲမှာတော့ အင်္ဂလန်က ဂျာမနီကို ၂-၁ ဂိုးနဲ့ အနိုင်ရဗိုလ်စွဲခဲ့ပါတယ်။ ဒီပွဲမှာ အချိန်ပို မိနစ် (၁၂၀) အထိ အကြိတ်အနယ် ယှဥ်ပြိုင်ခဲ့ရပြီး ကယ်လီရဲ့အနိုင်ဂိုးနဲ့အတူ အင်္ဂလန်အမျိုးသမီးအသင်း ချန်ပီယံဖြစ်ခဲ့ရပါတယ်။

ဒီပွဲမတိုင်ခင် ပြုလုပ်ခဲ့တဲ့ သွေးပူလေ့ကျင့်ခန်းအစီအစဥ်မှာ ဂျာမနီလက်ရွေးစင်အသင်းခေါင်းဆောင် ထိပ်တန်းဂိုးသွင်းရှင် အလက်ဇန္ဒါးရားပေါ့ပ် ကြွက်သားဒဏ်ရာရရှိခဲ့တာကြောင့် မပါဝင်နိုင်ခဲ့ဘဲ သူ့နေရာမှာ ရှယ်လာဝင်ကစားခဲ့ကာ ဗန်ဂျာဟုသ်က အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့ပါတယ်။ ဝင်ဘလေကွင်းမှာ ကစားခဲ့တဲ့ ဒီပွဲမှာတော့ အင်္ဂလန်အတွက် အဖွင့်ဂိုးကို အယ်လာတွန်နေးက ပြိုင်ဘက်ဂိုးသမား ဖရွန်းကို လှလှပပကျော်ပြီး သွင်းယူခဲ့ပါတယ်။

ဒါပေမယ့် ဂျာမနီက ဒုတိယပိုင်းပြီးဖို့ (၁၀) မိနစ်ဝန်းကျင်အလိုမှာ လီနာမာဂယ်လ်ရဲ့ ချေပဂိုးပြန်လည်ရရှိခဲ့တာကြောင့် အချိန်ပိုဆက်ကစားခဲ့ရပါတယ်။ အချိန်ပိုမိနစ် (၁၁၀) မှာတော့ အင်္ဂလန်အတွက် အနိုင်ဂိုးကို ကယ်လီက ထောင့်ကန်ဘောကတဆင့် သွင်းယူခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ အင်္ဂလန်က အနိုင်ရလဒ်ကိုသာ ထိန်းကစားဖို့ ကြိုးစားခဲ့ပြီး ဂျာမနီရဲ့ ထောင့်ကန်ဘောအလံတိုင်ဘက်မှာ တော်တော်လေး အချိန်ဆွဲကစားသွားခဲ့ပါတယ်။

ဒီလိုနဲ့ပဲ ပွဲပြီးခဲ့ရပြီး အင်္ဂလန်အမျိုးသမီးအသင်းက သူတို့ရဲ့ ပထမဆုံးသောနိုင်ငံတကာ ဆုဖလားကြီးနဲ့အတူ အိမ်ကွင်း ဝင်ဘလေမှာတင် အောင်ပွဲခံနိုင်ခဲ့ပါတယ်။ ဒီဝင်ဘလေကွင်းကြီးထဲမှာပဲ ပြီးခဲ့တဲ့နှစ်က အမျိုးသားယူရိုပြိုင်ပွဲအဖြစ် အင်္ဂလန်နဲ့အီတလီတို့ ထိပ်တိုက်တွေ့ခဲ့ပြီး အဲ့ဒီအချိန်မှာတော့ အင်္ဂလန်က အီတလီကို ပင်နယ်တီအဆုံးအဖြတ်နဲ့ အရေးနိမ့်ခဲ့ပါတယ်။

အခု ဗိုလ်လုပွဲကစားခဲ့တဲ့ အင်္ဂလန်အမျိုးသမီးအသင်းကိုတော့ မင်းသားဝီလျံအပါအဝင် အင်္ဂလန်တနိုင်ငံလုံးက မျှော်လင့်ချက်ထားခဲ့ကြပါတယ်။ ပွဲမတိုင်ခင်မှာ ဆုမွန်ကောင်းတောင်းပေးခဲ့သလို ကွင်းအတွင်းကိုလည်း ကိုယ်တိုင်ကိုယ်ကျ လာရောက်ကြည့်ရှုခဲ့ပါတယ်။ ဒါ့အပြင် အခုပွဲကို ဝင်ဘလေကွင်းထဲမှာ ပရိသတ်ဦးရေ (၈၇,၁၉၂) အထိ လာရောက်ကြည့်ရှုခဲ့ပြီး ဒီအရေအတွက်ဟာ အမျိုးသား၊ အမျိုးသမီး ယူရိုပြိုင်ပွဲနှစ်ခုလုံးမှာ ပရိသတ်ဝင်ရောက်ကြည့်ရှုမှုအများဆုံးအဖြစ် စံချိန်မှတ်တမ်းသစ် တင်နိုင်ခဲ့ပါတယ်။

အင်္ဂလန်နည်းပြ ဆရီနာဝစ်ဂ်မန်းကလည်း မတူညီတဲ့အသင်းနှစ်သင်းနဲ့အတူ ယူရိုချန်ပီယံဆုကို ဆွတ်ခူးနိုင်တဲ့ နည်းပြအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ ဒီအမျိုးသမီးဟာ ပြီးခဲ့တဲ့ (၂၀၁၇) မှာလည်း နယ်သာလန်နဲ့အတူ အမျိုးသမီးယူရိုဆုဖလားကို ဆွတ်ခူးနိုင်ခဲ့သလို အခု အင်္ဂလန်နဲ့ပါ ချန်ပီယံဆုကို ဒုတိယအကြိမ် ကိုင်မြှောက်နိုင်ခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် ဝစ်ဂ်မန်းဟာ ယူရိုမှာ (၁၂) ပွဲကိုင်တွယ်၊ (၁၂) ပွဲအနိုင်ရဆိုတဲ့ မှတ်တမ်းကောင်းကိုပါ ပိုင်ဆိုင်ခဲ့ပါတယ်။


လာမယ့်ဆောင်းရာသီမှာတော့ (၂၀၂၂) ကာတာကမ္ဘာ့ဖလားကို ကျင်းပတော့မှာဖြစ်ပါ။ အခုအမျိုးသမီးအသင်း ယူရိုမှာ ဗိုလ်စွဲခဲ့တာကြောင့်လည်း အင်္ဂလန်ပရိသတ်တွေကတော့ အမျိုးသားအသင်းပါ ကမ္ဘာ့ဖလားမှာ အောင်မြင်မှုရရှိဖို့ မျှော်လင့်ချက်တွေ ပိုမိုထားရှိလာတော့မှာလည်း သေချာပါတယ်။

Share

Loading Next Article...
က္က