လက်ရှိ ဆောင်းရာသီ အပြောင်းအရွှေ့မှာ စပါးကနေ ဘိုင်ယန်မြူးနစ်ကို ပြောင်းရွှေ့ကြေး ပေါင်သန်း (၃၀) နဲ့ ပြောင်းရွှေ့ရောက်ရှိလာခဲ့တဲ့ အဲရစ်ဒိုင်ယာက ဟယ်ရီကိန်းရဲ့နေအိမ်မှာ သွားနေဖြစ်မှာ မဟုတ်ကြောင်း ပြောကြားခဲ့ပါတယ်။ သူတို့ဟာ စပါးမှာရော၊ အင်္ဂလန်မှာပါ အသင်းဖော်တွေဖြစ်ခဲ့တာပါ။
ပြီးခဲ့တဲ့နွေရာသီမှာ ဟယ်ရီကိန်းက စပါးကနေ ဘိုင်ယန်မြူးနစ်ကို ပြောင်းရွှေ့လာခဲ့ပြီး ဒိုင်ယာကလည်း ဟယ်ရီကိန်း လမ်းစဉ်အတိုင်း လက်ရှိ ဆောင်းရာသီမှာ မြူးနစ်မြို့ကို ရောက်ရှိလာခဲ့တာပါ။ လက်ရှိအချိန်အထိတော့ ဒိုင်ယာတစ်ယောက် မြူးနစ်မြို့မှာ နေထိုင်ဖို့ အိမ် မရရှိသေးပါဘူး။
ဟယ်ရီကိန်းတုန်းကလည်း ဘိုင်ယန်မြူးနစ်ကို ရောက်ခါစမှာ သင့်တော်တဲ့နေအိမ်ကို ရှာမတွေ့ခဲ့တာကြောင့် ကာလတစ်ခုကြာတဲ့အထိ ဟိုတယ်မှာ နေထိုင်ခဲ့ရပါတယ်။ အဆိုပါ အင်္ဂလန်လက်ရွေးစင် အသင်းခေါင်းဆောင်ဟာ မကြာသေးတဲ့ လပိုင်းကမှ နေအိမ်တစ်လုံးကို ရှာဖွေနိုင်ခဲ့တာဖြစ်ပါတယ်။
ဒါပေမယ့် ဒိုင်ယာကတော့ “ဟယ်ရီကိန်းရဲ့အိမ်မှာ ကျွန်တော်နေဖို့ နေရာတောင် ရှိသေးရဲ့လား မသိပါဘူး။ ကျွန်တော် မြူးနစ်မြို့က သူ့အိမ်ကို တစ်ခါမှ မရောက်ဖူးသေးပါဘူး။ ဒါပေမယ့် သူ ကျွန်တော့်ကို အိမ်လာလည်ဖို့ ဖိတ်ထားတော့ သေချာပေါက်တော့ သွားဦးမှာပါ။ အဲ့ဒီမှာ နေဖြစ်မယ်လို့တော့ မထင်ပါဘူး”
“ဘာလို့လဲဆိုတော့ သူ့မှာ ကလေးတွေအများကြီးနဲ့ အရမ်းကို အလုပ်များတယ်လေ။ ကျွန်တော်က အဲ့ဒီကို သွားပြီး အလုပ်ထပ်မရှုပ်စေချင်တော့ပါဘူး” လို့ ပြောကြားသွားခဲ့ပါတယ်။ ဟယ်ရီကိန်းရဲ့ဇနီးကလည်း မကြာခင်ကမှ မီးဖွားထားတာဖြစ်ပြီး ဟယ်ရီကိန်းတို့ မိသားစုမှာ ကလေးငယ် (၄) ယောက်အထိ ရှိနေပါတယ်။