ပါကစ္စတန်နိုင်ငံမှာ ဆရာဝန်တစ်ဦးက ရောဂါပိုးပါရှိနေတဲ့ ဆေးထိုးပြွန်အသုံးပြုပြီး ကုသခဲ့မှုကြောင့် ကလေးငယ် ၆၅ ဦး အပါအဝင် လူ ၉၀ ထက်မနည်းကို HIV ဗိုင်းရပ်စ် ကူးစက်ခံခဲ့ရတယ်လို့ အာဏာပိုင်တွေက ယနေ့ (မေ ၃ ရက်) ပြောပါတယ်။
(Photo: Shutterstock)
အဆိုပါ ဆရာဝန်ကို ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ကြောင်းလည်း သိရပါတယ်။ "ကျန်းမာရေးဌာန တာဝန်ရှိသူတွေထံကနေ တိုင်ကြားမှုတွေ လက်ခံရရှိပြီးနောက် ဆရာဝန်တစ်ယောက်ကို ဖမ်းဆီးထားပါတယ်" လို့ ဒေသဆိုင်ရာ ရဲတပ်ဖွဲ့အကြီးအကဲ Kamran Nawaz က ပါကစ္စတန်တောင်ပိုင်း လာကန်နာမြို့မှာ ဖြစ်ပွားခဲ့တဲ့ ဖြစ်ရပ်နဲ့ပတ်သက်ပြီး ပြောပါတယ်။
"အဲဒီ ဆရာဝန်ကိုယ်တိုင်လည်း HIV ရှိနေတယ်" လို့လည်း ၎င်းက ဆက်လက်ပြောခဲ့ပါတယ်။ လာကန်နာမြို့စွန် မြို့ငယ်တစ်ခုမှ ကလေး ၁၈ ဦးမှာ AIDS ရောဂါဖြစ်ပွားစေတဲ့ HIV ဗိုင်းရပ်စ် ကူးစက်ခံထားရကြောင်း စစ်ဆေးတွေ့ရှိရပြီးနောက် ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း ယခုဖြစ်ရပ်ကို အာဏာပိုင်တွေက စတင်သတိပြုမိခဲ့ကြတာ ဖြစ်ပါတယ်။ ထို့နောက် ကျန်းမာရေးတာဝန်ရှိသူတွေက စစ်ဆေးမှုတွေကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်ခဲ့ကြရာမှာ နောက်ထပ် HIV ကူးစက်ခံထားရသူတွေ ထပ်မံတွေ့ရှိခဲ့ကြရပါတယ်။
(Photo: AFP)
"အနည်းဆုံး လူ ၉၀ မှာ HIV တွေ့ရတယ်၊ အဲဒီထဲက ၆၅ ယောက်လောက်က ကလေးတွေဖြစ်နေတယ်" လို့ လာကန်နာမြို့ ခရိုင်တစ်ခုရဲ့ ကျန်းမာရေးအရာရှိ ဒေါက်တာအဗ္ဗဒူလ် ရီဟာမန်က AFP သတင်းဌာနကို ပြောပါတယ်။ နောက်ထပ် ကျန်းမာရေးတာဝန်ရှိသူတစ်ဦးကလည်း HIV ကူးစက်မှုကို အတည်ပြုခဲ့ပေမဲ့ ကူးစက်ခံရသူ အရေအတွက်ကို ပြောကြားရာမှာ အနည်းငယ် ကွဲလွဲမှုရှိနေခဲ့ပါတယ်။
အာဏာပိုင်တွေက HIV ကူးစက်မှုတွေကို စုံစမ်းစစ်ဆေးခဲ့ရာမှာ ဆရာဝန်တစ်ဦးတည်းနဲ့ ဆက်စပ်နေတာ တွေ့ခဲ့ရပါတယ်။ အဆိုပါ ဆရာဝန်က လူနာတွေကို ရောဂါပိုးပါရှိနေတဲ့ ဆေးထိုးပြွန်အသုံးပြုပြီး ဆေးကုသပေးခဲ့တယ်လို့ ဆိုပါတယ်။ ယခုဖြစ်ရပ်နဲ့ ပတ်သက်ပြီး Sindh ပြည်နယ် ကျန်းမာရေးဝန်ကြီး Azra Pechuho ကလည်း ဆရာဝန်ဖြစ်သူကို ဖမ်းဆီးထားကြောင်း အတည်ပြုခဲ့ပါတယ်။
(Sindh ပြည်နယ် ကျန်းမာရေးဝန်ကြီး Azra Pechuho) (Photo: National Assembly of Pakistan)
"HIV ကူးစက်ခံရတဲ့ ကလေးတွေရဲ့ မိဘတွေကို သွေးစစ်ဆေးခဲ့ပါတယ်၊ ဒါပေမဲ့ သူတို့မှာတော့ HIV မတွေ့ခဲ့ရပါဘူး" လို့ ပြည်နယ်ကျန်းမာရေးဝန်ကြီးက ပြောပါတယ်။ ပါကစ္စတန်ဟာ HIV ဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုနည်းတဲ့ နိုင်ငံဖြစ်တယ်လို့ ဆိုနိုင်ပေမဲ့ မူးယစ်ဆေးသုံးစွဲသူများ၊ လိင်လုပ်သားများနဲ့ ပင်လယ်ကွေ့ဒေသမှ ပြန်လာကြတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေကြားများမှာ HIV ပျံ့နှံ့မှုတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်လာကြောင်း AFP သတင်းမှာ ဖော်ပြထားပါတယ်။