၂၀၂၀ရွေးကောက်ပွဲအတွက် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD) က အောင်နိုင်ဖို့အလားအလာများတဲ့ မဲဆန္ဒနယ်တွေကိုသာ ရွေးချယ်ယှဉ်ပြိုင်ထားတယ်လို့ပြောပါတယ်။
SNLD အနေနဲ့ ၂၀၁၅ရွေးကောက်ပွဲမှာကိုယ်စားလှယ်လောင်း ၁၅၀ကျော်ယှဉ်ပြိုင်ခဲ့ပေမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာတော့ ၁၃၂ဦးပဲ ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ် ။ “အခုရွေးချယ်ထားတဲ့နေရာတွေတော်တော်များများက နိုင်ဖို့အလားအလာကောင်းပြီးသားနေရာတွေဖြစ်တယ်။ တစ်ချို့နေရာတွေက နိုင်ဖို့ရာခိုင်နှုန်းများတယ်ပေါ့ဗျာ။ ကိုယ်စားလှယ်အနည်းငယ်လျော့သွားတာကတော့ အသက်၂၅နှစ်ပြည့်ရမှာ ရွေးကောက်ပွဲကျင်းပတဲ့ရက်နဲ့ ကိုယ်စားလှယ်လောင်းတင်သွင်းတဲ့ရက် လွဲချော်သွားတာရှိလို့ အပယ်ခံလိုက်ရတာတွေရှိလို့ပါ။ တစ်ချို့မြို့နယ်တွေကတော့သတ်မှတ်ထားတဲ့ အရည်အချင်းမပြည့်မီလို့ ငြင်းပယ်ခဲ့တာကြောင့်ပါ" လို့ SNLD ပါတီ တွဲဖက်အတွင်းရေးမှူး (၁) ဦးစိုင်းကျော်ညွန့်က Duwun ကို ပြောပါတယ် ။
Photo: SNLD
SNLD ပါတီအနေနဲ့၂၀၂၀ရွေးကောက်ပွဲအတွက် ပါတီကိုယ်စားလှယ်လောင်းရွေးချယ်ရာမှာတော့ လူငယ် နဲ့ လူလတ်ပိုင်းတွေအများဆုံးပါဝင်လာပြီး ပညာရေးမြင့်မားမှု၊အတတ်ပညာကျွမ်းကျင်မှု၊လူထုထောက်ခံမှုအစရှိတဲ့ အချက်တွေအပေါ်အခြေခံရွေးချယ်တာဖြစ်ပါတယ်။
ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီရဲ့ ကိုယ်စားလှယ်လောင်း ၁၃၂ဦးမှာအမျိုးသမီးကိုယ်စားလှယ်လောင်း ၃၇ဦး ၊ အမျိုးသားကိုယ်စားလှယ်လောင်း ၉၅ဦးပါဝင်ပါတယ်။ အသက်အရွယ်အားဖြင့်လည်း အသက် ၃၅နှစ်အောက် လူငယ် ၃၁ဦး ၊ ၃၆နှစ်မှ ၅၅နှစ်ကြား လူလတ် ၈၂ဦး ၊ ၅၅နှစ်အထက် ၁၉ဦးပါဝင်တယ်လို့ ပါတီရဲ့ထုတ်ပြန်ချက်အရ သိရပါတယ် ။
“အခုကိုယ်စားလှယ်လောင်းတွေဖြစ်လာတဲ့ပုံစံက ကျွန်တော်တို့ ပါတီရဲ့ ပြုပြင်ပြောင်းလဲလိုက်တဲ့ ဖွဲ့စည်းပုံပြောင်းလဲမှုရဲ့ အကျိုးဆက်လို့ပြောလို့ရပါတယ် ။ ဒါကြောင့် လူငယ်လူလတ်တွေများများစားစားပါဝင်လာတာကိုတွေ့ရတာ ဖြစ်ပါတယ် “ လို့ SNLD ပါတီ တွဲဖက်အတွင်းရေးမှူး (၁) ဦးစိုင်းကျော်ညွန့်က Duwun ကို ပြောပါတယ်။ ၂၀၂၀ရွေးကောက်ပွဲမှာ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီက တိုင်းရင်းသားမဲဆန္ဒနယ်၃နေရာ ၊ အမျိုးသားလွှတ်တော် ၁၂နေရာ ၊ ပြည်သူ့လွှတ်တော် ၃၈နေရာ ၊ ပြည်နယ်လွှတ်တော် ၇၉ နေရာ ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။