လီဗာပူးအသင်းနည်းပြ ယာဂင်ကလော့ပ်ဟာ တနင်္ဂနွေနေ့က မန်ချက်စတာယူနိုက်တက်အသင်းနဲ့ သရေကျခဲ့တဲ့ပွဲစဉ်အပြီး အဝတ်လဲခန်းအတွင်းမှာ ဟန်ဒါဆန်၊ မာနေးတို့နဲ့ ပြဿနာတက်ခဲ့တယ်ဆိုတဲ့ သတင်းတွေကို ငြင်းပယ်သွားခဲ့ပါတယ်။
မီဒီယာတွေရဲ့ဖော်ပြမှုတွေမှာ ယာဂင်ကလော့ပ်ဟာ ဒဏ်ရာရကစားသမားများပြားတာကြောင့် အရန်ကစားသမားတွေနဲ့သာ ကစားခဲ့တဲ့ မန်ယူအသင်းကို ဂိုးသွင်းယူနိုင်ဖို့ ရုန်းကန်နေခဲ့ရတာကို မြင်တွေ့ခဲ့ပြီးနောက် ၎င်းရဲ့ဒေါသတွေကို ဟန်ဒါဆင်နဲ့ မာနေးတို့အပေါ် ပုံချခဲ့တယ်လို့ ရေးသားခဲ့ကြပါတယ်။
မန်ချက်စတာယူနိုက်တက်အသင်းနဲ့ သရေကျခဲ့တဲ့အတွက် မန်ချက်စတာစီးတီးအသင်းကို ၃ မှတ်ဖြတ်ပြီး အမှတ်ပေးဇယားထိပ်ဆုံးမှာ ရပ်တည်နိုင်မယ့်အခွင့်အရေးကို ဆုံးရှုံးခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ယာဂင်ကလော့ပ်က ပွဲအပြီးမှာ ဒေါသမထိန်းနိုင်ဘဲ ပေါက်ကွဲခဲ့တယ်ဆိုတဲ့သတင်းတွေဟာ အရှုပ်ထုပ်တွေသာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
“ပွဲအပြီး အဝတ်လဲခန်းထဲမှာရော၊ ဘယ်နေရာမှာမှ ဘာမှဖြစ်ခဲ့တာမရှိပါဘူး”
“ဟန်ဒါဆန်နဲ့မာနေးကို အဝတ်လဲခန်းထဲမှာ ကျွန်တော် အော်ဟစ်ခဲ့တယ်လို့ တစ်စုံတယောက်က ကျွန်တော့်ကို ပြောပြခဲ့တယ်။ ကျွန်တော် အော်ကောင်းအော်ခဲ့မိလိမ့်မယ်။ ဒါပေမယ့် ဟန်ဒါဆန်က အဲဒီမှာတောင် ရှိမနေခဲ့ပါဘူး”
“အဲဒီသတင်းက လုံးဝအဓိပ္ပာယ်မရှိပါဘူး။ ဒီနေ့ခေတ်လူတွေက ဇာတ်လမ်းတစ်ပုဒ်ကို ရေးဖို့အတွက် သက်သေ ဒါမှမဟုတ် ဘယ်လိုအထောက်အထားမျိုးမှ လိုတောင်မလိုတော့ပါဘူး”
“ပွဲအပြီးမှာ ဘာမှကို မဖြစ်ခဲ့ပါဘူး။ ကျွန်တော်တို့ လုံးဝကို အဆင်ပြေပါတယ်။ ကျွန်တော်တို့ ပွဲအကြောင်း ပြောခဲ့ကြတယ်။ ကျွန်တော်တို့ ရရှိခဲ့တဲ့ အခွင့်အရေးအကြောင်းနဲ့ ကျွန်တော်တို့ လုပ်ခဲ့တဲ့အရာတွေအကြောင်းပြောပြီးတာနဲ့ အိမ်ကို ပြန်သွားခဲ့ကြတာပါ”လို့ ဝက်ဖို့ဒ်နဲ့ပွဲမတိုင်မီ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။